ထားဝယ် တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲ ပြင်းထန်

0
366

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ကျွဲခြံရွာတွင် စစ်ကောင်စီတပ်နှင့် ဒေါင်းမင်းစစ်ဆင်ရေးပျောက်ကြားတပ်ဖွဲ့ TYC-PDF တို့ ယနေ့ နံနက် အာရုံဦးတွင် တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။

အောက်တိုဘာလ ၃ ရက် ယနေ့နံနက် ၄ နာရီ ၄၀ မိနစ်မှ နံနက် ၈ နာရီခွဲခန့်အထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဆယ်ဦးခန့်သေဆုံးကာ ဆယ်ဦးကျော် ဒဏ်ရာရသည်ဟု ခန့်မှန်းရကြောင်း ဒေသခံရွာသားအချို့က ပြောသည်။

“အနီးကပ်တိုက်ထားတာဆိုတော့လေ၊ ပစ်ခတ်တာရပ်စဲသွားတဲ့အထိ လက်နက်ကြီးတွေနဲ့ လျှောက်လိုက်ပစ်နေတယ်၊ အခုလဲပြန်ထွက်တာမှာ သေနတ် ဖောက်ဖောက်ပြီး ပြန်ထွက်နေတယ်” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။

Local-TYC PDF ဘက်က နှစ်ဦး ဒဏ်ရာရပြီး ပျောက်ဆုံးရာမှ ပြန်တွေ့သူတစ်ဦးမှာ ဒဏ်ရာရထားပြီး သွေးထွက်လွန်နေသဖြင့် စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ သဲချောင်းကြီးရဲစခန်းဘက်ကို ပြန်ဆုတ်နေပြီဖြစ်ပြီး VIGO ကားဖြင့် စစ်သည်အလောင်းများကို တာလာပတ်ဖြင့်အုပ်ကာ သယ်ဆောင်သွားသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

စက်တင်ဘာ ၂၈ ရက်နှင့် ၃၀ ရက်များတွင် စစ်ကောင်စီတပ်က သဲချောင်းကြီး၊ ဝင်းကဖော်ကျေးရွာများတွင် တပ်စွဲကာ ဒေသခံများကို PDF ဆက်စပ်မှုရှိသည်ဟု သံသယရှိသူများကို ကျေးရွာအတွင်း လိုက်လံရှာဖွေကာပစ်ခတ်ဖမ်းဆီးခြင်း၊ ဥယျာဉ်ခြံများဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပြီး TYC-PDF နှင့် တိုက်ပွဲငယ်အချို့ ဖြစ်ပွားခဲ့သေးသည်။

ထို့နောက် ကျွဲခြံရွာဘုန်းကြီးကျောင်းတွင် လာရောက်တပ်စွဲကာ ၎င်းတို့ မသင်္ကာသည့်အိမ်များကို ဝင်ရောက်စစ်ဆေးရှာဖွေကာ လူလတ်ပိုင်းအမျိုးသား သုံးဦးနှင့် Vigo ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးအပြင် ကုန်စုံဆိုင်တစ်ဆိုင်မှ ငွေကြေးနှင့် ပစ္စည်းအချို့ကို သိမ်းယူခဲ့ကြောင်း ကျွဲခြံရွာသားတစ်ဦးက ပြောသည်။

ယနေ့ မနက်ပိုင်းတွင်လည်း အဖမ်းခံရသူ အချို့ရှိပြီး အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာနေသည့် ယနေ့ ဆယ်နာရီခွဲခန့်တွင် ပြည်သူတစ်ဦး၏ နေအိမ်ကို မီးရှို့ခဲ့ကြောင်း ဒေသခံရွာသားက ပြောသည်။