ထိုင်းနယ်စပ် ဖြတ်ခွင့်ရရန် ကော့သောင်းလူထု အလုအယက် ကိုဗစ်ကာကွယ်ဆေးထိုး

0
270
ပုံစာ မဉ္ဇူသက္ကခန်းမတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် အောက်တိုဘာလ ၃ ရက်က လာရောက်စောင့်ဆိုင်းနေကြသူများ/CJ

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ မဉ္ဇူသက္ကခန်းမတွင် အောက်တိုဘာလ ၃ ရက်က ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဒေသခံအများအပြား အလုအယက် ကာကွယ်ဆေး ထိုးနှံရန် ရောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် အထောက်အထားပြနိုင်သူများကိုသာ ထိုင်းနိုင်ငံဘက်သို့သွားရောက်ခွင့်ပြုမည်ဆိုသည့် သတင်းကြောင့် ယင်းကဲ့သို့ အစုလိုက်အပြုံလိုက် တိုးဝှေ့ကာကွယ်ဆေး သွားရောက်ထိုးနှံနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

“မနက်ငါးနာရီလောက်ကတည်းက လာတန်စီးပြီးစောင့်နေကြတာ” ဟု မြို့ခံတစ်ဦးက ဆိုသည်။

နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း နယ်စပ်ဂိတ်များ ပြန်ဖွင့်နိုင်ရန်အတွက် မြန်မာ၊ ထိုင်းနှစ်နိုင်ငံတာဝန်ရှိသူတို့က ကြိုးစားနေပြီး ယင်းသို့နယ်စပ်ဂိတ်ပြန်ဖွင့်ပါက ကိုဗစ်ကာကွယ်ဆေးထိုးထားသူများကိုသာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ပြုမည်ဆိုသည့် သတင်းများကြားနေရကြောင်း ရွေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့် အဖွဲ့က တာဝန်ခံ ဦးမိုးဝေက ပြောသည်။

“ကိုဗစ်ဆေးထိုးထားတဲ့ အထောက်အထားဆိုတာက ခရီးသွားဖို့လာဖို့မှာ မှတ်ပုံတင်လိုမျိုးဖြစ်လာတာကိုး” ဟု ဦးမိုးဝေကဆိုသည်။

ယခင်က ကော့သောင်းမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ခေါ်ယူသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဒေသခံများ ကာကွယ်ဆေးထိုးသူနည်းပါးခဲ့ပြီး ယခုမှ ထိုးသူများပြားလာကြောင်း ပြောဆိုကြသည်။

ကော့သောင်းမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေသည့် အကြိမ်ရေ ခန့်မှန်း ဆယ်ကြိမ်ခန့်ရှိနေပြီဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ပုံစာ- မဉ္ဇူသက္ကခန်းမတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် အောက်တိုဘာလ ၃ ရက်က လာရောက်စောင့်ဆိုင်းနေကြသူများ