တနင်္သာရီတိုင်း လေကြောင်းခရီးစဉ်အချို့ ယခုလကုန်အထိ ဆက်ရပ်နား

0
263
ယမန်နှစ်က ထားဝယ်လေယာဉ်ကွင်းတွင် လေယာဉ်များရပ်နားထားသည်ကို တွေ့ရစဉ်/Dawei Watch

တနင်္သာရီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်အချို့ကို ယခုလကုန်အထိ ဆက်လက်ရပ်နားထားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်

တိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် အဲယားKBZ အနေဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရပ်နားထားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ကာကွယ်ရန် အာဏာပိုင်များက ထုတ်ပြန်ထားသည့် သွားလာမှုကန့်သတ်ခြင်း အမိန့်လမ်းညွှန်ချက် အရ ယင်းကဲ့သို့ ရပ်နားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခင်က တနင်္သာရီတိုင်းအတွင်းသို့ အဲယားKBZ ၊ မန်းရတနာပုံ၊ ရွှေမြန်မာနှင့် MNA နှင့် MAI လေကြောင်းလိုင်းများ ပြေးဆွဲခဲ့သည်။

ထိုနောက် ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ အဆိုပါလေကြောင်းလိုင်းများ ပြေးဆွဲမှုကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် မန်းရတနာပုံလေကြောင်းလိုင်းအနေဖြင့် အောက်တိုဘာလ ၈ ရက်နေ့အထိ ရပ်နားထားပြီး ယင်းကာလ နောက်ပိုင်းတွင် ပြန်လည်စုံစမ်းရန် အဆိုပါလေကြောင်းလိုင်း Call Canter တာဝန်ကျဝန်ထမ်းက ဆိုသည်။

“ကျွန်မတို့လေ ၈ ရက်နေ့ အောက်တိုဘာအထိကို Fly (ပျံသန်းမှု) တွေ လောလောဆယ်ဆယ် Cancel(အစီအစဉ်ဖျက်ထား) လုပ်ထားပါတယ်” ဟု ယင်းဝန်ထမ်းက ပြောသည်။

MNA လေကြောင်းလိုင်းကမူ ကျန်းမာရေးဌာန ခွင့်ပြုချက်ရမှသာ ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း Call Canter တာဝန်ကျဝန်ထမ်းက ဆိုသည်။

“လောလောဆယ်တော့ မသိသေးဘူးရှင်”ဟု အဆိုပါ Call Canter တာဝန်ကျဝန်ထမ်းက ပြောသည်။

ကိုဗစ်ကပ်ဘေးကြောင့် လေကြောင်းလိုင်းများအပြင် တနင်္သာရီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားများလည်း ပြေးဆွဲခွင့် ရပ်နားထားခဲ့သည်။

လက်ရှိတွင် တိုင်းပြင်ပသို့ သွားမည်ဆိုပါက အိမ်စီးကားများဖြင့် ခရီးသည်တင်ဆောင်ပြေးဆွဲနေပြီး ထားဝယ်မှ ရန်ကုန်မြို့သို့ တစ်ဦးလျှင် ကျပ်ငါးသောင်းဝန်းကျင် ပေါက်ဈေးရှိသည်။

Photo – ယမန်နှစ်က ထားဝယ်လေယာဉ်ကွင်းတွင် လေယာဉ်များရပ်နားထားသည်ကို တွေ့ရစဉ်/Dawei Watch