ဒေါ်လာအတက် ကုန်ဈေးနှုန်းအခက်

0
238

လက်ရှိတွင် မြန်မာငွေဈေးနှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာငွေလဲနှုန်း အဆမတန်မြင့်လာသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ဈေးကွက်ပေါက်ဈေးအရ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၇၀၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။

တပ်အာဏာမသိမ်းမီက တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၄၀၀ ကျပ် ဝန်းကျင်သာရှိသည်။

ထို့အပြင် ထိုင်းငွေ တစ်ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်ဝန်းကျင်နှင့် တရုတ်ငွေတစ်ယွမ်လျှင် မြန်မာငွေ ၄၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြောက်သွားသည်။

ထိုသို့ ငွေလဲဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအပြင် လူထုလူတန်းစားပေါင်းစုံအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။

တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးက စားသောက်ကုန်မှအစ လူသုံးကုန်ပစ္စည်းအားလုံးနီးပါးမှာ အိမ်နီးချင်းနိုင်ငံထုတ် ပစ္စည်းများအပေါ်တွင် အဓိကမှီခိုနေသည်။

မြန်မာကျပ်ငွေဈေးကျဆင်းလာခြင်း၏ အကျိုးဆက်အနေနှင့် ပစ္စည်းအားလုံး၏ဈေးမှာ ယခင်ထက် နှစ်ဆခန့် နေ့ချင်းညချင်း ခုန်တက်သွားခဲ့သည်။

ယခင်က နိုင်ငံခြားမှ တင်သွင်းသည့် စားအုန်းဆီ ၁၀ ပိဿာဆံ့ ဆီပုံးဝါတစ်ပုံးလျှင် နှစ်သောင်းခုနှစ်ထောင်ကျပ် ဝန်းကျင်သာရှိရာမှ စက်တင်ဘာလ ၂၉ ရက်တွင် လေးသောင်းရှစ်ထောင်ခန့်အထိ ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင်မူ ယင်းဆီပုံးဝါတစ်ပုံး၏ဈေးနှုန်းမှာ ခြောက်ထောင်ကျပ် ဈေးတက်သွားပြီး ငါးသောင်းလေးထောင်ကျပ် ဖြစ်သွားခဲ့သည်။

အချိုမုန့်တစ်ထုပ်လျှင် ယခင်က သုံးထောင်ရှစ်ရာကျပ်ဝန်းကျင်မှ လက်ရှိတွင် ခုနှစ်ထောင်ကျပ်ဖြစ်သွားကြောင်း ထားဝယ်မြို့တွင် လက်ဖက်ရည်ဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

၎င်းတို့ဆိုင်တွင် ဆီကြော်မုန့်လုပ်ပြီးရောင်းချနေသည့်အတွက် ယင်းသို့ ဈေးနှစ်ဆခန့်ခုန်တက်သွားခြင်းကြောင့် ရရှိမည့်အမြတ်မှာ ယခင်ထက် ထက်ဝက်ကျော် နည်းလာကြောင်း ၎င်းက ပြောသည်။

“မုန့်တွေက ဈေးတင်ရောင်းလို့လည်း ရတာမဟုတ်ဘူးဆိုတော့ အမြတ်နည်းလာတာပေါ့၊ ဒီအတိုင်း ဆက်တက်နေမယ်ဆိုရင် ဆိုင်မရောင်းတော့ဘဲ ပိတ်ထားတာက ပိုကောင်းအုန်းမယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

ထို့အပြင် ကိုဗစ်ကပ်ဘေးကြောင့် ယမန်နှစ်က ဈေးနှုန်းအဆမတန်ကျဆင်းခဲ့သည့် စက်သုံးဆီဈေးမှာလည်း လက်ရှိတွင် ဆီအမျိုးအစားအပေါ်မူတည်ကာ တစ်ထောင့်ငါးရာဝန်းကျင်ဖြစ်လာသည်။

ဆီဈေးတက်လာခြင်းကြောင့် လက်လီလက်ကားရောင်းချသူများ ပစ္စည်းသယ်ယူဖြန့်ဖြူးရာတွင် ကုန်ကျစရိတ်တက်လာသည်။

ထို့အပြင် စက်သုံးဆီ အသုံးပြုနေရသည့် ဆိုင်ကယ်ကယ်ရီမောင်းသူများနှင့် သုံးဘီးဆိုင်ကယ်မောင်းသည့် အခြေခံလူတန်းစားများလည်း ဆီဈေးတက်ခြင်း၏ ဆိုးကျိုးကို ထိခိုက်ခံစားရကြောင်း ညည်းတွားကြသည်။

စက်သုံးဆီဈေးတက်သော်လည်း ၎င်းတို့၏ သယ်ယူပို့ဆောင်ခနှုန်းထားကိုမူ ဈေးတင်၍မရကြောင်း ထားဝယ်မြို့ပေါ် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ဆိုသည်။

“အခြားအလုပ်လည်းမရှိဘူးဆိုတော့ တွက်ခြေမကိုက်လည်း လုပ်နေရတာပါပဲ”ဟု ၎င်းက ပြောသည်။

ကျပ်ငွေဈေးကျဆင်းမှုကြောင့် အခြေခံလူတန်းစားများ၏ နေ့စဉ်ဘဝအပေါ် ရိုက်ခတ်မှုပြင်းထန်သကဲ့သို့ လုပ်သား အများအပြားကို အလုပ်အကိုင်အခွင်အလမ်းပေးထားသည့် စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်လာသည်။

တနင်္သာရီတိုင်း၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ရေလုပ်ငန်းအပေါ်လည်း သက်ရောက်မှုကြီးနိုင်ကြောင်း ထားဝယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ငါးဖမ်းလှေများတွင် အသုံးပြုသည့် ဒီဇယ်ဈေးနှုန်းမှာ ယခင်ထက် အဆပေါင်းများစွာ တက်လာသည့်အတွက် စရိတ်ပိုများလာပြီး တွက်ခြေမကိုက်ဖြစ်လာကြောင်း ၎င်းက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ဈေးနှုန်းအရ ဒီဇယ်တစ်လီတာလျှင် ငွေကျပ် ၁၅၀၀ ကျော် ဈေးမြင့်နေသည်။

“ဆီဈေးတွေ ရေခဲတွေဈေးတက်လာတော့ ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်လာတယ်။ ထုတ်လုပ်မှုစရိတ်မြင့်တက်လာပြီးတော့ တစ်ဘက်မှာ ရောင်းချရတဲ့ ဈေးကတော့ နည်းနည်းပဲ တက်တော့ အလုပ်မဖြစ်တော့ဘူးလို့ ပြောရမှာပေါ့” ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။

ထို့အပြင် ပွဲရုံကဲ့သို့ ကုန်ပစ္စည်းလက်လီလက်ကားဖြန့်နေသည့် ဆိုင်များအနေဖြင့်လည်း ထိုင်းဘတ်ဈေး၊ ဒေါ်လာဈေး အပြောင်းအလဲမြန်နေသည့်အတွက် အခက်ကြုံရကြောင်း ၎င်းက ဆိုသည်။

“(ပစ္စည်းတစ်ခုကို) ကိုယ်ရောင်းလိုက်ပြီး ပြန်ဝယ်ရင် ရှုံးနေတာမျိုးဖြစ်နေတော့ အလုပ်လုပ်လို့ မရတော့ဘူးလေ” ဟု ယင်းစီးပွားရေးလုပ်ငန်းရှင်က ပြောသည်။

ယင်းကဲ့သို့ ဆက်ဖြစ်နေပါက စီးပွားရေးလုပ်ငန်းအများစုမှာ လုပ်ငန်းရပ်ဆိုင်းထားရမည့်အခြေဆိုက်လာကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ကုန်ဈေးနှုန်းမြင့်တက်လာသော်လည်း နေ့စားအလုပ်သမားခနှင့် ဝန်ထမ်းများ၏ လုပ်ခလစာမှာ တိုးလာခြင်းမရှိဘဲ ယခင်အတိုင်းပင်။

ယင်းကဲ့သို့ ကုန်ဈေးနှုန်းအပါအဝင် စက်သုံးဆီဈေးနှုန်းပါ ဆက်မြင့်နေပါက နေ့စဉ်စားဝတ်နေရေးအပေါ် အကြီးအကျယ်ရိုက်ခတ်လာနိုင်ကြောင်း ထားဝယ်မြို့ပေါ် ဆိုင်ကယ်ကယ်ရီမောင်းနှင်နေသူတစ်ဦးက မှတ်ချက်ပြုသည်။

“ကြာလာရင် ထမင်းငတ်တဲ့ ဘဝကို ရောက်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။