မြိတ်တွင် လျှပ်စစ်မီတာခ ဈေးထပ်တက်

0
544

ယခုနှစ်အတွင်း ငါးကြိမ်မြောက်အဖြစ် မြိတ်မြို့တွင် သြဂုတ်လအကုန်တွင် လျှပ်စစ်မီတာခ ဈေးထပ်တက်မည်ဖြစ်သည်။

မူလမီတာခနှုန်းထား တစ်ယူနစ်လျှင် ၂၃၅ ကျပ်မှ ဖေဖော်ဝါရီလတွင် ၂၅၈ ကျပ်၊ မတ်လတွင် ၂၈၀ ကျပ်၊ ဧပြီလ ၂၉၅ ကျပ်နှင့် မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ ကျပ် ပေးဆောင်ခဲ့ရကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့မှ သိရသည်။

ဩဂုတ်လတွင် ၃၉၈ ကျပ်ကောက်ခံသဖြင့် တစ်ယူနစ်လျှင် ၁၃ ကျပ် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

မီတာခဈေးနှုန်း မြင့်တက်လျှင် လျှပ်စစ်မီးကိုသာ အဓိကအသုံးပြုလုပ်ကိုင်ရသည့်
အသေးစားလုပ်ငန်းတို့တွင် ထိခိုက်မှုရှိနေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်နေသူအချို့က ဆိုသည်။

“တစ်လတစ်လ မီးကြေးပေးရတာ အသားတင်ပဲ” ဟု ရှမ်းချောင်းရပ်ရှိ မော်တော်ယာဉ်ပြုပြင်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်းတွင် တစ်လလျှင် ပျမ်းမျှမီတာခ နှစ်သိန်းဝန်းကျင်ခန့်ပေးဆောင်နေရခြင်းဖြစ်သည်။

မြိတ်မြို့တွင် ‌တစ်ယူနစ် ၂၉၂ ကျပ်နှုန်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရန် Petro & Trans Co., Ltd က ပြီးခဲ့သည့် အစိုးရလက်ထက်က တင်ဒါအောင်မြင်ထားပြီး လက်ရှိအချိန်ထိ တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

ယခုစက်တင်ဘာလအတွင်း ဒေါ်လာနှင့် ရွှေဈေးနှုန်းတို့ အဆမတန်မြင့်တက်နေပြီး ဒီဇယ်လောင်စာဆီ တစ်ပီပါလျှင် လေးသိန်းကျော်အထိ ရောက်ရှိနေကြောင်း မြိတ်ဒီဇယ်ဆီရောင်းဝယ်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။