ထားဝယ် တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲငယ်ဖြစ်

0
186
ပုံ- ဝင်းကဖော်ကျေးရွာရှိ မီး‌လောင်ခဲ့သည့်အိမ်အား တွေ့ရစဉ်/ CJ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် ဝင်းကဖော်ကျေးရွာတွင် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များနှင့် ဒေါင်းမင်းစစ်ဆင်ရေးတပ်(TYC-PDF)တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားချိန်မှာ နံနက် ၉ နာရီခန့်ဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် အပြန်အလှန်ပစ်ခတ်မှု ရပ်နားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက PDF ပုံစံဖြင့် အသွင်ယူကာ ဒေါင်းမင်းစစ်ဆင်ရေးပျောက်ကြားအဖွဲ့ကို စတင်ပစ်ခတ်ခဲ့ပြီး PDF များ တပ်ဆုတ်နိုင်ခြေရှိသည့်နေရာများကို မှန်းဆကာ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

“တစ်နေရာမှာလူစုလိုက် ပြန်ပစ်လိုက်၊ နောက်တစ်နေရာမှာ ပြန်စုပြီးပြန်ပစ်လိုက်နဲ့ အဲဒီလိုမျိုးလောက်ပဲ၊ တစ်နေရာတည်းမှာ အထိုင်ပစ်တာမျိုးတော့မဟုတ်ဘူး” ဟု ဒေသခံရွာသားက ဆိုသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်နှင့် လက်နက်အင်အားမမျှသဖြင့် ခံစစ်အသွင် အထိုင်ပစ်ခတ်ခဲ့ကြခြင်းမဟုတ်ဘဲ ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီး ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များက ကျေးရွာသားတစ်ဦး၏ နေအိမ်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အခြားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရွာထဲကို အရပ်ဝတ်နဲ့ ဝင်လာပြီး အိမ်တစ်ဆောင်ကို မီးရှို့ခဲ့တယ်၊ ပြီးတော့ ဝင်းကဖော်ရွာလယ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်” ဟု ၎င်းက ဆိုသည်။

ခန့်မှန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်သည် ဝင်းကဖော်ရွာအတွင်းသို့ PDF ပုံစံအသွင်ယူဝင်လာခဲ့ပြီး ဒလန်များ၏ လမ်းပြခေါ်ဆောင်မှုဖြင့် ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့တို့နှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၈ ရက်ကလည်း သဲချောင်းကြီးရွာရှိ PDF အမာခံတို့၏ နေအိမ်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။