လောင်းလုံး လူငယ်သပိတ် စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရ

0
176
စက်တင်ဘာလ ၁၈ ရက်နေ့က လောင်းလုံးမြို့နယ်လုံးဆိုင်ရာ သပိတ်စစ်ကြောင်းကို တွေ့ရစဥ်

လောင်းလုံးမြို့နယ်လုံးဆိုင်ရာ လူငယ် သပိတ်စစ်ကြောင်းသည် ယနေ့ နံနက် ကိုးနာရီခွဲခန့်က အင်းဇောက်ကျေးရွာ၊ ပြည်လုံးချမ်းသာ ဘုရားမုခ်ဦးအနီး သေနတ် ပစ်ဖောက် ဖြိုခွဲခံလိုက်ရကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

သပိတ်စစ်ကြောင်းထွက်နေစဉ် အရပ်ဝတ်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အိမ်စီးကားဖြင့် ရောက်လာပြီး သေနတ်မိုးပေါ်ထောင်ပစ်၍ ဖြိုခွင်းဖမ်းဆီးရန် ကြိုးစားရာ ခဲ့ကြောင်း သပိတ်တွင် ပါဝင်သူတို့ထံမှ သိရသည်။

“သပိတ်စစ်ကြောင်း ထွက်ဖို့လုပ်နေတဲ့အချိန်မှာပဲ သေနတ်လာပစ်လိုက်တော့ အားလုံးက ရုန်းရင်းဆန်ခတ်ဖြစ်သွားကြတယ်။ အချို့လဲကျတဲ့သူတွေကို ထူပြီး ထွက်ပြေးလိုက်ကြရတာ” ဟု သပိတ်တွင် ပါဝင်သူတစ်ဦးက ပြောသည်။

သပိတ်စစ်ကြောင်း ဖြိုခွဲခံရသောနေရာ အနီးရှိ ဆိုင်ကယ် ဆယ်ငါးစီးခန့်ကိုမူ စစ်ကောင်စီတပ်ဖွဲ့ သိမ်းဆည်းသွားသည်ဟု သိရသည်။ ဖမ်းဆီးခံရသည့် အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယနေ့ ပစ်ခတ်ဖြိုခွဲခံလိုက်ရသော သပိတ်စစ်ကြောင်း သည် ထားဝယ်ခရိုင်သပိတ်ကော်မတီမှ ဦးဆောင်၍ လောင်းလုံးမြို့နယ်ရှိ လူငယ်များ ပူပေါင်းပါဝင်က နေ့စဉ်နီးပါး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသော သပိတ်စစ်ကြောင်းဖြစ်သည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့တိုင်းနီးပါး ရှိနေပြီး ဖြိုခွင်းရန် အကြိမ်ကြိမ် ကြိုးပမ်းနေသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လောင်းလုံးမြို့နယ် အောက်ရေဖြူ၊ ကဒက်ငယ်ထိန် ကျေးရွာတို့တွင် တပ်ဖွဲ့ကာ ပိုမိုတင်းကြပ်မှုများ လုပ်ဆောင်လျက်ရှိသည်။

ယနေ့ နံနက်ပိုင်းတွင် အောက်ရေဖြူ ကျေးရွာအုပ်စုတွင် ဧည့်စာရင်း စစ်ဆေးမှု အချို့ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။