လောင်းလုံး သဘော့ဆိပ်က အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0
252
ဓာတ်ပုံ - သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် သဘော့ဆိပ်ရွာ အုပ်ချုပ်ရေးမှူး

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး ယနေ့ စက်တင်ဘာလ ၉ ရက် နေ့လယ် ၁၁ နာရီကျော်တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သဘော့ဆိပ်ကမ်းခြေဆင်းလမ်းဘက်မှ သူ့နေအိမ်ရှိသည့် ရှိုင်သာယာကမ်းစပ်သို့ သားအစ်ဖနှစ်ဦး ဆိုင်ကယ်စီးပြီး ပြန်လာချိန် နေအိမ်အနီးအရောက်တွင် သေနတ်ပစ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

“လာပစ်သွားတာက လူသုံးယောက်။ ဆိုင်ကယ်တစ်စီးမှာ သုံးယောက်ထိုင်လိုက်ပြီးလာတာ။ ပစ်ပြီးတာနဲ့ မောင်းပြေးသွားတယ်။ သူ့သားမှာကတော့ မထိဘူး” ဟု ပစ်ခတ်မှုဖြစ်စဉ်ကို မလှမ်းမကမ်းမှ မြင်တွေ့ခဲ့သူတစ်ဦးက ဆိုသည်။

သေဆုံးသူ ဦးမျိုးဇော်ဦးသည် အုပ်ချုပ်ရေးမှူးဖြစ်ပြီးနောက် မည်သို့ ရရှိလာသည်ကို မသိရသော တူးမီးသေနတ်တစ်လက်နှင့် သေနတ်အတို တစ်လက်ကို ကိုင်ဆောင်ကာ ရွာအတွင်း သွားလာနေလေ့ရှိသည်ဟု ဒေသခံအချို့ကပြောသည်။

ပစ်ခတ်ခံရချိန်တွင်လည်း တူမီးသေနတ်အား ကိုင်ဆောင်ထားသည်ကို တွေ့ရသည်ဟုဆိုသည်။

ယနေ့နံနက်ကိုးနာရီခန့်ကလည်း ရွာအတွင်း အကြောင်းမဲ့ သေနတ်ပစ်ခတ်ခြင်းကို ဦးမျိုးဇော်ဦးက လုပ်ဆောင်ခဲ့သည်ဟု ရွာခံတို့က ဆိုသည်။

လက်ရှိတွင် ဦးမျိုးဇော်ဦး၏အလောင်းအား သဘော့ဆိပ်အထက်တန်းကျောင်း (ခွဲ) အနီးတွင် ရဲနှင့် စစ်သားများက စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဦးဇော်မျိုးဦးအား လောင်းလုံးမြို့နယ် ပြည့်သူ့လုံခြုံရေးတပ်ပေါင်းစု အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

သဘော့ဆိပ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နေ့လယ် ၁ နာရီခန့်တွင် ‌လောင်းလုံး မောင်းမကန် သွားလမ်းပေါ်ရှိ အမှတ် ၁၀၄ တပ်ရင်း အဝင်ဝတွင် သေနတ်ပစ်ခတ်သံ ဆယ်ချက်ခန့်ကြားရကြောင်း ယင်းတပ်ရင်းအနီးက ဒေသခံတစ်ဦးကပြောသည်။

“သေနတ်ပစ်သံကြားလို့ ထွက်ကြည့်တာ ဆိုင်ကယ်စီးလာတဲ့ လူတစ်ယောက်ကို တားပြီး စစ်နေတာတော့တွေ့တယ်” ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ / သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် သဘော့ဆိပ်ရွာ အုပ်ချုပ်ရေးမှူး