လောင်းလုံးတွင် ညီကိုရှာမတွေ့သဖြင့် အစ်ကိုနှင့်တူဖြစ်သူ ရိုက်နှက်ခံရ ဟုဆို

0
341
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးကျေးရွာတွင် ဇူလိုင်လ၂၇ ရက်ညက ရဲနှင့် စစ်သားများရောက်လာပြီး ၎င်းတို့လာရှာသူကို မတွေ့သဖြင့် အစ်ကိုဖြစ်သူနှင့် တူဖြစ်သူကို ရိုက်နှက်သွားကြောင်း ကာယကံရှင်နှင့် မိသားစုဝင်ထံမှ သိရသည်။

အဆိုပါကျေးရွာနေ ဦးကံဝင်းအား လာရှာဖွေရာ မတွေ့သဖြင့် အစ်ကိုဖြစ်သူ ဦးမျိုးဦးနှင့် တူဖြစ်သူ ကိုဇေမင်းထက်ကို ရိုက်နှက်ထိုးကြိတ်ခဲ့ကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ဆိုသည်။

ဦးမျိုးဦးနှင့် ကိုဇေမင်းထက်မှာ သားအဖ တော်စပ်သည်။

ထိုညတွင် ရဲနှင့် စစ်သားများရောက်လာပြီးနောက် ၎င်းတို့သားအဖနှစ်ဦးအား အိမ်ပေါ်မှဆွဲချပြီး ဒူးထောက်ထိုင်စေကာ သေနတ်ဖြင့် ချိန်ရွယ်ထားကြောင်း ကိုဇေမင်းထက်က ဆိုသည်။

ထိုနောက် ခြေထောက်ဖြင့် ကန်ကျောက်ကာ ရိုက်နှက်ခဲ့ကြောင်း ၎င်းက ပြောသည်။

“အချက်တောင် မရေနိုင်ဘူး။ တစ်ခါလဲကျ ပြန်ထရိုက် သတိလစ်မတက် ဖြစ်နေတာတောင် ပြန်နှိုးပြီးရိုက်တယ်။ မင်းမရှိတဲ့ တိုင်းပြည်မှာ နေရသလိုပဲ။ ဘယ်သူ့ကိုလည်း ကူညီတောင်းလို့မရဘူး။ ကျွန်တော်တို့အတွက် အသက်အာမခံချက် မရှိသလို ခံစားရတယ်” ဟု ကိုဇော်မင်းထက်က ပြောသည်။

ထိုသို့ ထိုးကြိတ်ပြီးနောက် နေအိမ်ရှိ ငွေကျပ် တစ်သိန်းခြောက်သောင်းကျော်နှင့် ဆန်တစ်အိတ်နီးပါးကို ယူဆောင်သွားကြောင်း ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အပြစ်ရှိတယ်ဆိုရင် အပြစ်လုပ်တဲ့သူကိုပဲ ဖမ်းပါလား။ အခုကျွန်မတို့ အိမ်မှာလည်း မနေရဘူး။ ဘယ်လိုပြောရမယ်မှန်း တောင် မသိတော့ဘူး”ဟု အထက်ပါ မိသားစုဝင် အမျိုးသမီးက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်ကလည်း ဦးကံဝင်းကိစ္စနှင့်ပတ်သတ်၍ မိခင်ဖြစ်သူဒေါ်စောကြည်နှင့် အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူ မောင်ဇေမျိုးဆက်အား မောင်းမကန်နယ်မြေရဲစခန်းတွင် ရက်သတ္တပတ်တစ်ပတ်ခန့် ထိန်းသိမ်းခဲ့သည်ဟု မိသားစုဝင်အချို့ထံမှ သိရသည်။