အုန်းသီးနုဈေးကွက် ပစ္စည်းပြတ်

0
138
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း အုန်းသီးနု ပြတ်လပ်သည်အထိ ဝယ်လိုအားမြင့်တက်နေကြောင်း အုန်းသီးနုအရောင်းဆိုင် အသိုင်းအဝိုင်းထံမှ သိရသည်။

ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်သည့်အချိန်မှစပြီး ကိုယ်ခံအားကောင်းစေရန် ဟုဆိုကာ သောက်သုံးကြသဖြင့် အုန်းသီးနုဝယ်လိုအား တ‌ဖြည်းဖြည်းမြင့်တက်ခဲ့ရာ လက်ရှိ တစ်နေ့လျှင် အလုံးရေတစ်ရာကျော်အထိ ရောင်းနေရကြောင်း အုန်းသီးနုအရောင်းဆိုင်တချို့က ပြောပြသည်။

ယင်းကဲ့သို့ ဝယ်လိုအားမြင့်လာသဖြင့် နယ်ဘက်မှ မှာယူထားသည့် အုန်းသီးနုများ လာမပို့သည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း မြိတ်တောင်ကျေးရွာ အရှေ့သိမ်ကျောင်းအနီး အုန်းသီးနုအရောင်းဆိုင်ရှင် အမျိုးသမီးက ပြောသည်။

“ရောင်းရပြီဆို လက်တောင်မလည်ဘူး” ဟု အထက်ပါ အုန်းသီးနုအရောင်းဆိုင်ရှင် အမျိုးသမီးက ပြောသည်။

အုန်းသီးနုတစ်လုံးလျှင် ကိုးရာကျပ် မှ တစ်ထောင်ကျပ်အထိ ရောင်းချနေကြကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် ကိုဗစ်အကြောင်းပြုပြီး အောက်ဆီဂျင်ရရှိစေသည် ဟုဆိုကာ ဂွေးတောက်ရွက်၊ ပင်စိမ်းရွက်၊ မုဆိုးလှံ (လောက်သေ) ရွက်များ ဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်နေကြောင်း သိရသည်။