တနင်္သာရီတိုင်း ကောင်စီဥက္ကဋ္ဌ ဦးတင်အောင် နုတ်ထွက်

0
163
ဘောလုံးကွင်းပြင်ဆင်နေမှုကို ကြည့်ရှုနေသော ဦးတင်အောင်ကို ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားရင်ပြင်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က တွေ့ရစဉ်။

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်အား သြဂုတ်လ ၁ ရက်နေ့တွင် တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နစကကောင်စီက ထုတ်ပြန်သည်။

ဦးတင်အောင် အနားယူပြီးနောက် မည်သူ့ကို အစားထိုးခန့်ထားမည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

၎င်းသည် တနင်္သာရီတိုင်းဒေသကြီး တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

၂၀၂၀ ပြည့်နှစ် မေလတွင် တိုင်းတရားသူကြီးချုပ်အဖြစ်မှ အငြိမ်းစားယူပြီးနောက် တိုင်းစီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ခြင်းဖြစ်သည်။

တိုင်းတစက ကောင်စီဥက္ကဋ္ဌအဖြစ်မှ အနားယူလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန်အတွက် ဦးတင်အောင်ထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။

တနင်္သာရီတိုင်း ကောင်စီဥက္ကဋ္ဌအပြင် စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းကောင်စီ ဥက္ကဋ္ဌများကိုလည်း တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။

တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီတွင် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးတစ်ဦး၊ ဒေသကိုယ်စားပြုသူ ၁ ဦး သို့မဟုတ် ၂ ဦး၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးတို့က အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပြီး တိုင်းအုပ်ချုပ်ရေးမှူးက အတွင်းရေးမှူးအဖြစ် တာဝန်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တိုင်းကောင်စီဥက္ကဋ္ဌအား ဝန်ကြီးချုပ်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းထားသည်။

လက်ရှိ တိုင်းကောင်စီဥက္ကဋ္ဌမှာ အနေအေးသော်လည်း လုပ်ရည်ကိုင်ရည် အားနည်းသဖြင့် အနားယူခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ယင်းနေရာတွင် ယခင် ဝန်ကြီးချုပ်ဟောင်းတစ်ဦး သို့မဟုတ် စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးကို ခန့်အပ်ရန် စီစဉ်နေကြောင်း နေပြည်တော်မှလာသော သတင်းတစ်ရပ် အရသိရသည်။