ကိုဗစ်ကပ်ဘေးကာလ မုဆိုးလန်ရွက် ဈေးကွက်ဝင် ၊ တစ်စည်း နှစ်ရာကျပ်

0
292

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားမှုပြင်းထန်လာချိန်တွင် ထားဝယ်ဒေသအခေါ် မုဆိုးလန်ရွက် (လောက်သေရွက်) အရောင်းအဝယ်ဖြစ်လာပြီး ဈေးကွက်ဝင်လာသည်ကို တွေ့ရသည်။

မုဆိုးလန်အရွက်မှာ နီးစပ်ရာတောတောင်ချုံများတွင် အလွယ်တကူ ပေါက်ရောက်နေသဖြင့် အရောင်းအဝယ်မရှိသလောက် အခြေအနေဖြစ်သည်။

လက်ရှိအချိန်တွင်မူ ထားဝယ်ဒေသရှိ ကျေးရွာအချို့တွင် မုဆိုးလန်အရွက် တစ်စည်းလျှင် ငွေကျပ်နှစ်ရာဖြင့် ရောင်းချလာကြသည်။

ကိုဗစ်ရောဂါ ကူးစက်မှု ပြင်းထန်လာချိန်တွင် အဆိုပါ မုဆိုးလန်ရွက်ကို ကျိုချက်သောက်ပါက ကိုဗစ်ရောဂါပျောက်ကင်းသည်ဟု ဖေ့ဘုတ်ပေါ် မျှဝေသူများလာပြီးနောက် အရောင်းအဝယ်ဖြစ်လာခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ် ညင်းမော်ရွာတွင်တွင်လည်း မုဆိုးလန်ရွက်တစ်စည်းလျှင် ကျပ်နှစ်ရာဖြင့် ရောင်းနေကြောင်း ယင်းကျေးရွာနေ ကိုဇော်က ပြောသည်။

“အခုတောင်ရှားသွားပြီ ခူးတဲ့သူကလည်း များလာတယ်။ အခုအိမ်မှာလည်း အဲဒါပဲ သောက်တော့တယ်”ကိုဇော်က ဆိုသည်။

လောင်းလုံးမြို့နယ်အပြင် ရေဖြူမြို့နယ်တွင်လည်း မုဆိုးလန်ရွက် ရောင်းဝယ်သူများ ရှိနေသည်။

သို့သော် ရေဖြူမြို့နယ်ရှိ နဘုလယ်ဒေသတွင် မုဆိုးလန်ရွက်အား အခြောက်ခံပြီး ရေနွေးလုပ်သောက်ခဲ့သည့် အသက် ၆၀ ကျော်သက်ကြီး အမျိုးသမီးတစ်ဦး ခြောက်နှစ်အကြာတွင် ကျောက်ကပ်ပျက်စီးပြီး သေဆုံးသွားကြောင်း အဆိုပါ အမျိုးသမီးကြီး၏ သမီးဖြစ်သူက ဆိုသည်။

“အမေ့ ကျောက်ကပ်တစ်ခြမ်း ဆွေးသွားတယ်။ ဆရာဝန်ကမေးတယ် ။ ဘာတွေလုပ်လဲလို့ အဲဒီရွက်ကို လက်ဖက်ခြောက် ခပ်သောက်တယ်လို့ ပြောတော့ ဒီလိုမသောက်သင့်ဘူးလို့ ပြောတယ်” ဟု သမီးဖြစ်သူက ပြောသည်။

မုဆိုးလန်ရွက် ခေါ် လောက်သေရွက်သည် ကိုယ်ပူ ချွဲထ ၊ အညှော်ဝင် ၊ ချောင်းဆိုး နှာစေး ၊ နှာပိတ် ရောဂါများအတွက် ဆေးဖော်စပ်သုံးနိုင်ကြောင်း မြန်မာဝီကီပီဒီယားဝက်ဆိုက်တွင် ဖော်ပြထားသည်။