တနင်္သာရီတိုင်းတွင် ကိုဗစ်ကြောင့် တစ်ပတ်အတွင်း လူလေးဆယ်ကျော် သေဆုံး

0
156

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ လေးဆယ်ကျော်ရှိ‌ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းအတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာနေပြီး သေဆုံးသူ လည်း နေ့စဉ်ရှိနေကြောင်း အထက်ပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်နေ့အထိ တပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၁၃၀၂ ဦးရှိပြီး သေဆုံးသူမှာ ၄၂ ဦး ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါ တစ်ပတ်တာကာလအတွင်း ထားဝယ်တွင် သေဆုံးသူ ၂၄ ဦး၊ သရက်ချောင်းတွင် ၄ ဦး၊ ရေဖြူတွင် ၂ ဦး၊ မြိတ်တွင် ၄ ဦး၊ ပုလောတွင် ၅ ဦး၊ ကော့သောင်းတွင် ၃ ဦးရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

ဇူလိုင်လ ၂၈ တစ်ရက်တည်းတွင် တိုင်းအတွင်း သေဆုံးသူ ၁၁ ဦးအထိရှိခဲ့သည်။

ထားဝယ်ဒေသအတွင်း ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ကူညီပေးနေသည့် ဇမ္ဗူသီရိအရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့၏ စာရင်းဖော်ပြချက်အရ အထက်ပါကာလအတွင်း ထားဝယ်ခရိုင်တွင် သေဆုံးသူ ၃၁ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၂၈ နေ့အထိ စာရင်းများအရ ကိုဗစ်အတည်ပြုလူနာ နှစ်သိန်းရှစ်သောင်းကျော် (၂၈၄၀၉၉)  ရှိပြီး သေဆုံးသူမှာ ၈၂၁၀ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြေပြင်တွင်မူ ရောဂါ ဖြစ်ပွားသူနှင့် သေဆုံးသူဦးရေမှာ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် စာရင်းထက် များစွာပိုကြောင်း ရန်ကုန်အခြေစိုက် နာရေးကူညီမှုအသင်းများက ပြည်တွင်းသတင်းဌာနများကို ဖြေဆိုထားသည်။

ပုံစာ- ထားဝယ်မြို့တွင် ယမန်နှစ်က ကိုဗစ်သံသယဖြင့် သေဆုံးသူတစ်ဉီးကို သဂြိုဟ်နေစဉ်