လူစုဝေးခွင့် ပိတ်ပင်ထားသော်လည်း ထိုင်းလူငယ်များ ဆန္ဒဆက်ပြမည်

0
151

ကိုဗစ်ကူးစက်ပျံ့ပွားမှုနှုန်း မြင့်တက်နေခြင်းကြောင့် ထိုင်းအစိုးရအနေနဲ့ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူတွေကို စုဝေးခွင့် ပိတ်ပင်ထားပေမဲ့လည်း ဝန်ကြီးချုပ်ပရာယွတ်ချန်-အို-ချာ နုတ်ထွက်ပေးဖို့ လူငယ်တွေက ဆက်ပြီး ဆန္ဒပြနေကြပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတစ်ဝန်းက ပြည်သူထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကိုဗစ်နိုင်တင်း ကူးစက်မှု လှိုင်းအသစ်ဖြစ်ပွားပြီးတဲ့နောက် အစိုးရကလည်း ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲခြင်း၊ ဆန္ဒပြပွဲဦးဆောင်သူတွေကို ဖမ်းဆီးထိန်းသိမ်းခြင်းတွေ ပြုလုပ်ပြီးတဲ့နောက်မှာ လူငယ်တွေရဲ့ ဆန္ဒပြပွဲအရှိန်ဟာ ရပ်တန့်သွားခဲ့ရပါတော့တယ်။

ဘုရင်၊ မိဖုရားနဲ့ အမွေဆက်ခံသူ အနွယ်တော်တွေကို ပုတ်ခတ်စော်ကား ဝေဖန်မိရင် ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ တိုင်းပြည်ရဲ့တင်းကျပ်တဲ့ နန်းတွင်းဥပဒေကို ဆန့်ကျင်ပြီး လက်ရှိဘုရင်ကြီးကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခြင်းအားဖြင့် ရှေးရိုးစွဲအယူအဆတွေကို ဆန္ဒပြလူငယ်တွေက ချိုးဖောက်ပြခဲ့ကြပါတယ်။

အဖမ်းဆီးခံသပိတ်ခေါင်းဆောင် အများစုကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာကြတဲ့ သပိတ်ခေါင်းဆောင်တွေထဲက တချို့ဟာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပြန်လည်ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

“ကျွန်တော့ရဲ့ အာမခံကို ပြန်လည်ဖျက်သိမ်းခံရနိုင်ပေမယ့် ကျွန်တော်တို့အနေနဲ့ ပရာယွတ်ကို မောင်းထုတ်ပစ်ရလိမ့်မယ်”လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ Arnon Nampaက ပြောပါတယ်။

သူတို့အနေနဲ့ ကနဦးအစီအစဉ်တွေအတိုင်း ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင် နေရာကနေပြီး ဘန်ကောက်မြို့ အစိုးရအိမ်တော်အထိ ချီတက်ဆန္ဒပြကြမှာဖြစ်ပါတယ်။

ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေး၊ ဝန်ကြီးချုပ် ပရာယွတ် နှုတ်ထွက်ပေးရေးတို့အတွက် ပထမဆုံး လူအင်အားအများဆုံးနဲ့ လမ်းပေါ်ထွက်ဆန္ဒပြခဲ့တဲ့ ဆန္ဒပြပွဲကြီးရဲ့ တစ်နှစ်ပြည့် အခမ်းအနားကိုလည်း ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။

အမြင့်ဆုံးထောင်ဒဏ် ၂နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၄၀၀၀၀ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရနိုင်တဲ့ လူ၅ဦးထက်ပိုမစုရ တားမြစ်ဥပဒေကို တစ်နိုင်ငံလုံး လိုက်နာကြဖို့ ထိုင်းအစိုးရက အစောပိုင်းက ထုတ်ပြန်ထား ပါတယ်။

နိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်ပျံ့နှံ့မှုနှုန်း ယနေ့ တနင်္ဂနွေနေ့အထိ သုံးရက်ဆက်တိုက် စံချိန်တင်မြင့်တက်လျှက်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။

ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပြီး ဥပဒေချိုးဖောက်သူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။