ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ထားဝယ်မြို့ဝင်ထွက် ခွင့်ပြုမည်ဟု တင်းကြပ်၍ ပြည်သူများ အခက်တွေ့

0
131
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့အဝင်ဂိတ်များတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ သွားခွင့်ပြုမည်ဟု တင်းကြပ်ထားသဖြင့် ပြည်သူများ အခက်ကြုံနေကြသည်။

အဆိုပါမြို့ဝင်ဂိတ်များအား ဖြတ်သန်းသွားလာရာတွင် ယခင်က ဖုန်းနံပါတ်၊ နေရပ်လိပ်စာ စသည့်အချက်များမှတ်သားပြီး မှတ်ပုံတင်ပြကာ သွားနေရာမှ လက်ရှိတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်သည်။

သရက်ချောင်းဘက်မှ ထားဝယ်မြို့အတွင်း ပြန်လာချိန်တွင် မှတ်ပုံတင်နှင့်ယာဉ်မောင်းလိုင်စင်ပါသော်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာ မပါသည့်အတွက် ယာဉ်မောင်းလိုင်စင် သိမ်းထားခဲ့ကြောင်း ထားဝယ်မြို့ပေါ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။

ပေါက်တိုင်းတံတားဂိတ်တွင် စောင့်နေသည့် စစ်သားက သိမ်းထားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာပြပြီး ပြန်လာယူရန် ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ရပ်ကွက်မှာ မရှိဘူးလို့ ပြောတော့ ဒီဟာကို သူမသိဘူးတဲ့၊ အုပ်ချုပ်ရေးမှူး လက်မှတ်ပါမှ သွားခိုင်းမယ်လို့ ပြောလိုက်တယ်”ဟု ၎င်းက ပြောသည်။

သို့ရာတွင် ၎င်းနေထိုင်သည့် ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး မရှိသည့်အတွက် မည်သူ့ထံတွင် ထောက်ခံစာယူရမည်ကို မသိဘဲ အခက်ကြုံနေရကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

“ခရီးသွားရတာ အရမ်းဂွကျနေတာပေါ့၊ ဒီနေရာနဲ့ ဒီနေရာသွားဖို့အရေးကိုတောင် ခက်ခဲနေတာ”ဟု ပြောသည်။

‌နောက်ထပ်မြို့အဝင်ဂိတ်တစ်ခုဖြစ်သည့် ကမြောကင်းတံတားဂိတ်တွင်လည်း ဇူလိုင်လ ၁၉ ရက်နေ့ မှစကာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါက ဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်ဟု အဆိုပါတံတားရှိ ရဲတပ်ဖွဲ့နှင့်စစ်သားများက ပြောလိုက်ကြောင်း လောင်းလုံးမြို့နယ်နေသူ အချို့ထံမှ သိရသည်။

ထားဝယ်မြို့အတွင်းသွားရန် ကမြောကင်းတံတားကို ဖြတ်သန်းချိန်ရာတွင် နောက်ပိုင်း၌ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာယူလာရန် ပြောဆိုခဲ့ကြောင်း လောင်းလုံးမြို့နယ်နေ အမျိုးသားတစ်ဦးက ဆိုသည်။

“မှတ်ပုံတင်နဲ့ လိုင်စင်တောင်းတယ် ။ စာရင်းမှတ်ပြီးတော့ လုံခြုံရေးစစ်သားတစ်‌ယောက်က နောက်ဆို ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာလုပ်ထား လို့ပြောတယ်။ ထောက်ခံစာပါရင်တော့ မှတ်ပုံတင်ယူလာစရာမလိုဘူးလို့ သူက ပြောတယ်” ဟု ယင်းအမျိုးသားက ပြောသည်။

မြို့အဝင်အထွက်ဂိတ်များတွင် ထိုကဲ့သို့ စစ်ဆေးမှု တင်းကြပ်လွန်းသဖြင့် ခရီးသွားဒေသခံများ စုပြုံတန်းစီနေကြသည်ကို တွေ့ရသည်။