တွေ့ဆုံဆွေးနွေးရန်ဟု ဖိတ်ကြားကာ ရဲစခန်းနှင့် စစ်တပ်အတွင်း စစ်မေး

0
189

ဆွေးနွေးစရာရှိသည်ဟုဆိုကာ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆင့်ခေါ်ခဲ့သူလေးဦးကို ရဲစခန်းနှင့် စစ်တပ်ဝင်းတို့အတွင်း စစ်ဆေးမေးမြန်းနေကြောင်း သရက်ချောင်းမြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးထံမှ သိရသည်။

အဆိုပါလေးဦးအနက် အမျိုးသား သုံးဦးအား စစ်တပ်ထဲတွင်လည်းကောင်း အမျိုးသမီးတစ်ဦးအား ရဲစခန်းတွင်လည်းကောာင်း စစ်ဆေးမေးမြန်း နေကြောင်း ၎င်းထံမှ သိရသည်။

သရက်ချောင်းမြို့ မြို့မရပ်ကွက်နေ မသန်စွမ်းတစ်ဦးဖြစ်သူ ကိုမျိူးမင်းဦး ခေါ် ကိုအန့်ကူ၊ ဦးအောင်မျိုးသက်၊ ဦးပြည့်စုံဦး၊ ဒေါ်အေးအေးမွန်တို့ လေးဦးအား ဆွေးနွေးစရာရှိသည်ဟုဆိုကာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဇူလိုင်လ ၁၂ ရက်စွဲဖြင့် စာပို့ဖိတ်ကြားခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ဖိတ်ကြားထားသော အချိန်မှာ ယင်းနေ့ ညနေ ၅ နာရီဖြစ်သည်။

ယင်းနေ့ ညနေသုံးနာရီခန့်တွင် ရောက်လာသော ဖိတ်ကြားစာအရ ဖိတ်ခေါ်ခံရသူလေးဦးသည် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ခဲ့ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။

ယင်းနောက် စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်းသွားကြောင်း ဆိုသည်။

“ဆွေးနွေးစရာရှိလို့ဆိုပြီး မြို့နယ်ထွေအုပ်ရုံးကိုခေါ်ပြီးတော့ ထွေအုပ်ရုံးကနေ စစ်တပ်ကားနဲ့ ခေါ်သွားတယ်။ အိမ်ကနေထွက်သွားတုန်းကတော့ ဘာမှစိတ်မပူပါနဲ့ ဆိုပြီးပဲမှာခဲ့တယ်” ဟု ဦးပြည့်စုံဦး၏ ညီဖြစ်သူက ဆိုသည်။

မည်သည့်အတွက် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို အဖမ်းခံရသည့် မိသားစုဝင်တို့ကိုယ်တိုင် မသိရကြောင်း ပြောဆိုကြသည်။

၎င်းတို့လေးဦးအား စစ်ဆေးစရာရှိသည်ဟု အထက်က အကြောင်းလာသဖြင့် မြို့နယ်ထွေအုပ်က ခေါ်ယူပေးခြင်းသာဖြစ်ကြောင်း သရက်ချောင်းမြို့ ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ယင်းနောက် အမျိုးသား သုံးဦးအား သရက်ချောင်းမြို့နယ်ရှိ ၄၀၄ တပ်ရင်းတွင်လည်းကောင်း၊ အမျိုးသမီးတစ်ဦးအား သရက်ချောင်းမြို့မရဲစခန်းတွင်လည်းကောင်း စစ်ဆေးမေးမြန်းလျှက်ရှိကြောင်း သူကဆိုသည်။

“ထွေအုပ်ရုံးက စာထုတ်ပြီးခေါ်တယ်။ စိုးရိမ်နေမှာစိုးလို့ ဘာမှမစိုးရိမ်နဲ့လို့ပြောပြီးတော့ ခေါ်သွားတာပါ။ ထွေအုပ်ရုံးမှာ အဲလောက်ပဲပြောပြီး ခေါ်သွားတာပါ” ဟု ၎င်းက ဆိုသည်။

ထောက်လှမ်းရေး၊ ရဲ၊ စသုံးလုံး စသည့်အဖွဲ့များက စစ်ဆေးမည်ဖြစ်သောကြောင့် တစ်ရက်မျှအချိန်ကြာနိုင်ကြောင်း ၎င်းကပြောသည်။

“ကျွန်တော်မျက်စိရှေ့မှာတော့ သူတို့ကို ကြမ်းကြမ်းတမ်းတမ်းလုပ်တာမတွေ့ရဘူး။ အေးအေးဆေးဆေးပဲ မေးနေတာတွေ့ရတယ်” ဟု ၎င်းကဆိုသည်။

သရက်ချောင်းမြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမိုးထွေးဦးကမူ အမျိုးသားလေးဦးနှင့် အမျိုးသမီးတို့အား ထွေအုပ်ရုံးမှတဆင့် စစ်တပ်ခေါ်သွားသည့်ကိစ္စ သူမသူသိကြောင်း ပြောဆိုသည်။

“အဲတာသတင်းမှားနေပါတယ်။ အဲလောက်ပဲ ကျွန်တော်ပြောနိုင်ပါတယ်” ဟု ဦးမိုးထွေးဦးက ဆိုသည်။

ယနေ့ညနေ ငါးနာရီအထိ မေးမြန်းချက်အရ ဖမ်းဆီး စစ်မေးခံနေရသူတို့လေးဦး မိသားစုနှင့် ဖုန်းအဆက်အသွယ်ရပြီဖြစ်ကြောင်း ပြောဆိုသည်။

“ဖုန်းနဲ့ကတော့ လိုအပ်တာတွေမှာ အဲလောက်တော့ရတယ်။ ထွေထွေထူးထူးတော့ မေးလို့မရဘူး” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

မသန်စွမ်းတစ်ဦးဖြစ်သူ ကိုမျိူးမင်းဦး ခေါ် ကိုအန့်ကူ၊ ဦးအောင်မျိုးသက်၊ ဦးပြည့်စုံဦး၊ ဒေါ်အေးအေးမွန်တို့ကို ပျူးစောထီးဆိုသည့်အဖွဲ့က လူမူကွန်ရက်စာမျက်နှာမှ တစ်ဆင့် ခြိမ်းခြောက် ခံရဖူးသည်။

ပုံစာ-ဖမ်းဆီးခံထားရသည့် ကိုမျိုးမင်းဦး ကိုအန့်ကူအား တွေ့ရစဉ်။