စက်ရုံအတွက် ဝယ်ထားသည့် အောက်ဆီဂျင်အိုးခွံများ ယနေ့ရောက်မည်

0
169

ထားဝယ်ဈေးကွက်တွင် အောက်ဆီဂျင်ပြတ်လပ်နေပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဈေးကွက်တွင် အောက်ဆီဂျင်ပြတ်လပ်နေသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ကြောင်း ဧရာဝတီဘဏ်အနီးရှိ အောက်ဆီဂျင် ရောင်းချသည့် ဆိုင်ပိုင်ရှင် အမျိုးသားက ပြောသည်။

“ရန်ကုန်မှ မဟုတ်ဘူး၊ တရုတ်ပြည်လည်း မှာမရဘူး၊ ယိုးဒယားကိုလည်း မှာမရဘူး၊ အိန္ဒိယကိုလည်း မှာမရ။ ဘယ်မှာလည်း မှာ မရဘူးဖြစ်နေတယ်။ ဘယ်မှာလည်း ပစ္စည်းမရှိဘူး” ယင်း အမျိုးသားက ဆိုသည်။

ကိုဗစ်တတိယလှိုင်း ကူးစက်ဖြစ်ပွားမှုမြင့်မားလာသဖြင့် ရန်ကုန်နှင့် အခြားမြို့များတွင် အောက်ဆီဂျင်ဝယ်ယူမှုမြင့်တက်လာပြီး စက်ရုံများနှင့် အရောင်းဆိုင်များတွင် အောက်ဆီဂျင်လုံလောက်မှုမရှိဘဲ ဖြစ်လာခြင်းဖြစ်သည်။

ပြည်တွင်းစက်ရုံများနှင့် နိုင်ငံခြားမှ တင်သွင်းရန် ခက်ခဲခြင်းတို့ကြောင့် ဈေးကွက်အတွင်း ပြတ်လပ်သွားခြင်းဖြစ်ကြောင်း ပိန္နဲတောရပ်ကွက် ရေးလမ်းရှိ အောက်ဆီဂျင်အိုး ရောင်းချနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးရှိ ပြည်တွင်းစက်ရုံများအပြင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ တင်သွင်း၍ မရတော့ကြောင်း ၎င်းက ဆိုသည်။

အောက်ဆီဂျင်နှင့် အောက်ဆီဂျင်အိုးအပြင် အောက်ဆီဂျင်အိုးတွင် တပ်ဆင်ရသည့် ရေဘူးနှင့် မီတာဒိုင်ခွက်ပါသည့် အောက်ဆီဂျင်စက်ပါ ဈေးကွက်အတွင်း ပြတ်လပ်နေသည်ဟု အထက်ပါအမျိုးသားက ပြောသည်။

သို့ရာတွင် ထားဝယ်မြို့၌ အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးထံမှ တည်ထောင်ထားသည့် အောက်ဆီဂျင်စက်ရုံရှိနေပြီး ၂၄ နာရီ စက်လည်ပါက အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၄၀ ထုတ်လုပ်နိုင်ကြောင်း သိရသည်။

သို့သော် အာယုဒါနအဖွဲ့ပိုင် အောက်ဆီဂျင်အိုးအခွံ အကြီး၅၀ ခန့်နှင့် အိုးငယ် ၁၅၀ လုံး ခန့်သာရှိကြောင်း သိရသည်။

ထိုကြောင့် လိုအပ်နေသည့် အောက်ဆီဂျင်အိုးအခွံ(အကြီး) အလုံး ၁၀၀ ကို ထိုင်းနိုင်ငံမှ ဝယ်ယူထားရာ ယနေ့ရောက်ရှိမည် ဖြစ်ကြောင်း ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြု အဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။

ကိုဗစ်ကပ်ဘေး တတိယလှိုင်းကူးစက်မှုများပြားလာနေသည့်အတွက် ထားဝယ်ဒေသတွင် အောက်ဆီဂျင် မပြတ်စေရေးအတွက် အောက်ဆီဂျင် အိုးခွံအလုံး ၁၀၀ ကို အထက်ပါအဖွဲ့က ထိုင်းနိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ ဝယ်ယူထားသည့် အောက်ဆီဂျင်းအိုးအခွံများရောက်လာချိန်တွင် အာယုဒါနအဖွဲ့ထံ လှူဒါန်းမည်ဖြစ်သည်။

အောက်ဆီဂျင်အိုးအခွံ အလုံအလောက်ရှိပါက စက်ရုံမှထုတ်သည့် အောင်ဆီဂျင်ကို ကြိုတင်စုဆောင်းထားနိုင်မည်ဖြစ်ပြီး ထားဝယ်ဒေသအတွက် လုံလောက်မည်ဖြစ်ကြောင်း အာယုဒါနအဖွဲ့ထံမှ သိရသည်။

“ဒီနေ့ရောက်လာမှာ၊ ရောက်တာနဲ့ သူ့(အာယုဒါန)ကို အပ်မှာ” ဟု အထက်ပါ အထောက်အကူပြု အဖွဲ့၏ အတွင်းရေးမှူး အဖွဲ့ဝင်က ပြောသည်။

အိုးအခွံတစ်လုံးလျှင် ထိုင်းဘတ်ငွေ ငါးထောင်ကျသင့်ပြီး အိုးထိပ်တွင် တပ်ဆင်ရသည့်ခေါင်းမှာ ဘတ်၁၈၀၀ ကျသင့်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းဘတ်ငွေ ငါးထောင်လျှင် လက်ရှိငွေလဲဈေးနှုန်းအရ မြန်မာငွေကျပ်နှစ်သိန်းခွဲ ဝန်းကျင်ရှိသည်။