သရက်ချောင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ

0
124
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသက်စိုး ယနေ့နံနက် ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ယင်းကျေးရွာသားအချို့ထံမှ သိရသည်။

နံနက် ၉ နာရီခန့်တွင် မျက်နှာဖုံးစွပ်ထားသူ လူခြောက်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားအချို့က ပြောသည်။

ဦးသက်စိုး၏ အစ်မဖြစ်သူ ဒေါ်ရှိန်တွင်လည်း ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီးဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း ယင်းကျေးရွာသားတစ်ဦးက ပြောသည်။

“ပစ်သတ်ခံရတာက စစ်တပ်က တင်ထားတဲ့အုပ်ချုပ်ရေးမှူး” ဟု ၎င်းကဆိုသည်။

ဦးသက်စိုးသည် သူ့အိမ်၏အနောက်ဘက် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ဆိုသည်။

“သူကအိမ်အနောက်ဘက်မှာလဲနေတာ။ သွေးအိုင်ထဲမှာ။ အိမ်အရှေ့ဘက်ကို ခေါင်းထိုးပြီးလဲနေတာ” ဟု မျက်မြင်တွေ့သူက ဆိုသည်။

ဦးသက်စိုးတွင် တစ်အိမ်တည်းနေ မောင်နှမသုံးဦးရှိပြီး အစ်မဖြစ်သူမှာ ဒေါ်ရှိန်ဖြစ်သည်။ အစ်ကိုအကြီးဆုံးမှာ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝင်ထားသူတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စော်ဖျားရွာအတွင်းသို့ ရဲကား၊ စစ်ကားများ နေ့လယ်ပိုင်းတွင် ရောက်လာပြီး စစ်ဆေးမှုပြုလုပ်နေကြောင်း ဒေသခံအချို့က ဆိုသည်။