ထားဝယ်မြို့ပေါ်တွင် ပစ်ခတ်သတ်ဖြတ်မှု နှစ်ရက်ဆက်ဖြစ်

0
141

ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် ပစ်ခတ်သတ်ဖြတ်မှု နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်တွင် ထားဝယ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဆန်းချီရပ်ကွက်နှင့် ဒေါင်းငူတံငါရက်ကွက်တို့တွင် အမျိုးသားနှစ်ဦးကို လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

ဇူလိုင်လ ၄ ရက်ညတွင် ဆန်းချီရပ်ကွက်နေ အသက် ၄၅ နှစ်ခန့်ရှိ ဦးအောင်မြင့်ကို နေအိမ်တွင် လာရောက် ပစ်ခတ်ခဲ့ရာ ညာဘက်မျက်ခုံးတွင် ဖောက်ဝင်ဒဏ်ရာရခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။

ထိုနောက် ဆေးရုံသို့ အရေးပေါ်ကားဖြင့် တင်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။

ဇူလိုင်လ ၅ ရက်ညတွင်မူ ဒေါင်းငူတံငါရပ်ကွက်နေ အသက် ၆၅ နှစ်ခန့်ရှိ ဦးမောင်မြင့်ကိုလည်း ၎င်းနေအိမ်တွင်ပင် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ဂျိုစောင်းကို ထိတယ်လို့ကြားရတယ်။ အရေးပေါ်ကားနဲ့ တင်သွားတာ ဆေးရုံကြီးကို ရောက်သွားတယ်လို့ ပြောတယ်။ ဆေးရုံကြီးမှာ ဓာတ်မှန်ရိုက်ပြီးတာနဲ့ တပ်ဆေးရုံကို သယ်သွားတယ်လို့ပြောတယ်ဟု ၎င်းက ဆိုသည်။

ဦးမောင်မြင့်မှာ ယခင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် အမည်စာရင်းတင်သွင်း ခဲ့ဖူးသူသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဆန်းချီရပ်ကွက်နေ ဦးအောင်မြင့်ကို နှာခေါင်းစည်းတပ်ထားသည့် လူနှစ်ဦးက လာရောက် ပစ်ခတ်ခဲ့ပြီး ဦးမောင်မြင့်ကိုမူ မည်သည့်အဖွဲ့အစည်းမှ လူဘယ်နှစ်ဦး လာရောက်ပစ်ခတ်သည်ကို မသိရကြောင်း ဒေသခံအချို့က ဆိုသည်။

ဦးမောင်မြင့်မှာ ထားဝယ်ရှိ ဆန္ဒပြ စစ်ကြောင်းများကို စစ်တပ်သတင်းပေး သဖြင့် ပစ်ခတ်ရခြင်း ဖြစ်ကြောင်း Guerrilla Dawei အဖွဲ့က မကြာသေးမီက ထုတ်ပြန်ထားသည်။ (ထပ်ဖြည့်ချက်)

၎င်းတို့နှစ်ဦးစလုံးမှာ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး သေဆုံးခဲ့ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အတူ ဇူလိုင်လ ၄ ရက်နေ့က လောင်းလုံးမြို့နယ်အတွင်း လင်မယားနှစ်ဦးလုပ်ကြံခံရပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကာ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၆ ရက် နံနက်ကလည်း သရက်ချောင်းမြို့နယ်ရှိ စော်ဖျားကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်စိုးမှာ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ယင်းကျေးရွာနေသူအချို့ထံမှ သိရသည်။