ပျောက်ဆုံး သရက်နှစ်ခွရွာသား နှစ်ဦး တစ်ပတ်ကြာသည်အထိရှာမတွေ့သေး

0
180

ထားဝယ်ဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာသား လူငယ်နှစ်ဦးသည် ဇွန်လ ၂၇ ရက်နေ့က အိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးနေသည်ဟု အဆိုပါလူငယ်နှစ်ဦး၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါလူငယ်နှစ်ဦးမှာ တစ်ရွာတည်းသား သူငယ်ချင်းများ ဖြစ်ကြပြီး ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်က သူငယ်ချင်းဖြစ်သူ၏ မွေးနေ့ပွဲကို သွားမည်ဟု နေအိမ်မှ အသီးသီးထွက်သွားရာ ဇူလိုင်လ ၄ ရက်နေ့အထိ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရကြောင်း ၎င်းတို့၏ မိသားစုဝင်ဖြစ်သူ အမျိုးသားတစ်ဦးက ပြောသည်။

အမှတ် ၄၀၁ တပ်ရင်း၊ တနင်္သာရီတိုင်းရဲတပ်ဖွဲ၊ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့၊ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းတို့တွင် အကြိမ်ကြိမ် စုံစမ်းမေးမြန်းခဲ့သော်လည်း ယနေ့အထိ သဲသဲကွဲကွဲ အဖြေမသိရသေးကြောင်း အထက်ပါအမျိုးသားက ဆိုသည်။‌ယင်းနေ့က ပေါက်တိုင်းတံတားဂိတ်တွင် အဖမ်းခံရသည်ဟု သတင်းထွက်နေခဲ့သော်လည်း မိသားစုဝင်များအနေဖြင့် သီးခြားအတည်မပြုနိုင်ခဲ့ပေ။

“ရက်လည်းကြာနေပြီဆိုတော့ စိုးရိမ်လာတယ်။ အဖမ်းခံရတယ်ဆိုရင်လည်း ဘယ်မှာဖမ်းထားတယ် ဆိုတာလေးလောက်ကတော့ သိချင်တယ်”ဟု ၎င်းကပြောသည်။အဆိုပါပျောက်ဆုံးနေသူများမှာ သရက်နှစ်ခွရွာတွင်နေထိုင်သော အဘ ဦးညွန်ရွှေ အမိ ဒေါ်မြဝင်း၏သား မောင်ကျော်လင်းကို အသက် ၂၈ နှစ် နှင့် အဘ ဦးတင်စိုး အမိ ဒေါ်မြင့်စိန်၏သား မောင်ကျော်ပိုင်စိုး အသက် ၂၇ နှစ်တိုဖြစ်ကြသည်။

၎င်းတို့နှစ်ဦးစလုံးသည် ထားဝယ်မြစ် အနောက်ဘက်ကမ်းရှိ လောင်းလုံးမြို့နယ်တွင် နေထိုင်သူ သူငယ်ချင်းဖြစ်သူ၏ မွေးနေ့ပွဲကိုသွားရာမှာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ထားဝယ်မြို့ အဝင်အထွက်များတွင်လည်း တင်းကြပ်စွာ စစ်ဆေးလျက်ရှိသည်။

သရက်နှစ်ခွကျေးရွာသည် သရက်ချောင်းမြို့နယ်တွင် တည်ရှိပြီး ထားဝယ်မြို့မှ ၁၁ မိုင်အကွာတွင်တည်ရှိသည်။၂၀၁၄ သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ နှစ်ထောင်ကျော် နေထိုင်သည်။