တနင်္သာရီတိုင်းအတွင်း ပါဆယ်စနစ် ပြန်သတ်မှတ်

0
143

ကိုဗစ်ကပ်ဘေးကူးစက်မှုမြင့်တက်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များတွင် ပါဆယ်သာ ရောင်းချရန် ပြန်သတ်မှတ်လိုက်သည်။

ဆိုင်ထိုင်စားသောက်ခြင်းအား တားမြစ်ကန့်သတ်ရန် တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွန်လ ၃ ရက်နေ့တွင် သက်ဆိုင်ရာခရိုင်များကို ညွန်ကြားခဲ့ခြင်းဖြစ်သည်။

ပါဆယ်စနစ်ဖြင့်သာရောင်းချရန် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဇူလိုင်လ ၅ ရက်နေ့တွင် စတင်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဉီးက ဆိုသည်။

“မနက်ဖြန်ကစပြီး ထုတ်ဖြစ်မယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်တနင်္သာရီတိုင်းအတွင်း ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၈၄ ဦးရှိကြောင်း တိုင်းဒေသကြီးကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။ကိုဗစ်ကပ်ဘေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပွားချိန်ကလည်း ဆိုင်များတွင် ပါဆယ်သာရောင်းချရန် ကန့်သတ်ခဲ့ဖူးသည်။

သို့ရာတွင် ယင်းအချိန်က လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အချို့ လိုက်နာမှု အားနည်းခဲ့သည့်အတွက် ပြောဆိုဝေဖန်မှုအချို့ရှိခဲ့သည်။လက်ရှိတွင် ယင်းကဲ့သို့လိုက်နာမှုမရှိပါက ဒဏ်ငွေဆောင်စေခြင်းနှင့် အရေးယူမှုများအဆင့်ဆင့်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။ဆိုင်ထိုင်စားသောက်ခြင်းအပြင် လူစုလုဝေးဖြင့် လုပ်ရမည့် အခမ်းအနားများ၊ အလှူပွဲအခမ်းအနားများ၊ စင်တင်တေးဂီတ၊ ကာရာအိုကေ အခန်းများကိုလည်း ကန့်သတ်လိုက်သည်။

ယင်းအပြင် ဈေးများတွင် နေ့စဉ်စားသောက်ရန် လိုအပ်သည့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များမှအပ ကျန်သည့်အခြား ဆိုင်များကို ယာယီပိတ်ထားရန်လည်း ညွှန်ကြားထားသည်။တိုင်းအတွင်းရှိ စာသင်ကျောင်းများတွင် ကိုဗစ်ကူးစက်မှုဖြစ်ပွားလာပါက ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါဖြစ်ပွားမှုအခြေအနေကို စုံစမ်းစစ်ဆေးဆဲကာလနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေချိန်တွင် ကျောင်းယာယီပိတ်ထားရန်လည်း ညွှန်ကြားထားသည်။အထက်ပါ အချက်များအပြင် နေအိမ်တွင်သာနေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မြို့နယ်မှ လာပါက အသွားအလာကန့်သတ်ခြင်း၊ ဓာတ်ခွဲနမူနာရယူခြင်းများလုပ်ရမည်ဟု ညွှန်ကြားထားသည်။

ရောဂါလက္ခဏာမရှိသည့် ပိုးတွေ့လူနာအား သီးခြားခွဲထားမည့်နေရာနှင့် ရောဂါပြင်းထန်သည့်လူနာများအား ကုသပေးနိုင်ရန် ဆေးရုံ ဆေးခန်းများကြိုတင်ပြင်ဆင်ထားရန်လည်း ဖော်ပြထားသည်။

ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့်လေယာဉ်ခရီးစဉ်များကိုလည်း ဇူလိုင်လကုန်အထိ ရပ်နားထားသည်။