တနင်္သာရီတိုင်းတွင် ဆယ်ရက်အတွင်း ကိုဗစ်လူနာ ၁၃၀ ကျော်တိုး

0
139

တနင်္သာရီတိုင်းတွင် ဆယ်ရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၈ ဦးတိုးလာကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇွန်လ ၂၃ ရက်မှ ဇူလိုင် ၂ ရက်နေ့အထိ ကိုဗစ်လူနာသစ် တစ်ရာ့သုံးဆယ်ကျော် တိုးလာခြင်းဖြစ်သည်။

ထားဝယ်တွင် ဆယ်ရက်အတွင်း ကိုဗစ်ပို့တွေ့လူနာသစ် ၃၅ ဦး၊ သရက်ချောင်းတွင် ၁၅ ဦး၊ ရေဖြူတွင် ၁ ဦး၊ မြိတ်တွင် ၄၂ ဦး၊ ဘုတ်ပြင်းတွင် ၁၁ ဦး၊ ကော့သောင်းတွင် ၁၉ ဦး၊ ပုလောတွင် ၁၂ ဦး၊ ကျွန်းစုတွင် ၃ ဦးရှိပြီး တနင်္သာရီမြို့နယ်နှင့် လောင်းလုံးမြို့နယ်တွင် ကိုဗစ် ဓာတ်ခွဲအတည်ပြု လူနာသစ် မရှိကြောင်း အထက်ပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လ ၂ ရက်‌က တနင်္သာရီတိုင်းတွင် COVID-19 စစ်ဆေးသူ ၆၉၃ ဦးရှိပြီး မနေ့က တစ်ရက်တည်းတင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၀ ဦးထိ တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယင်းနေ့က နိုင်ငံတစ်ဝန်း ဓာတ်ခွဲနမူနာစုစုပေါင်း ၉၁၄၆ ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၈၆၃ ဦး တွေ့ရှိရပြီး ထပ်မံသေဆုံးသူ ၁၇ ဦးရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း တစ်သိန်းခြောက်သောင်း ကျော် ရှိလာပြီဖြစ်ပြီး သေဆုံးသူမှာ ၃၃၆၄ ဦးထိ ရှိလာပြီဖြစ်သည်။