ရေဖြူ လွှတ်တော်ကိုယ်စားလှယ်၏ ဖခင် ထောင် ၂ နှစ် အချခံရ

0
180

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦး‌ကျော်ဇေယျာစိုး၏ ဖခင်ဖြစ်သူ ဦးငွေစိုး(ခ) ဦးစန်းချုပ်အား ထောင် ၂ နှစ် အမိန့်ချမှတ်ခံရကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅- က ကြီးဖြင့် တရားစွဲခြင်းခံထားရသည့် ဦးငွေစိုး(ခ) ဦးစန်းချုပ်ကိုရုံးချိန်ခုနှစ်ချိန်း အမှုစစ်ဆေးအပြီး ဇွန်လ ၂၁ ရက်တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ထားဝယ်ထောင်တွင်းအထူးတရားရုံးတွင် အမှုစစ်ဆေးပြီး ယင်းကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဦးကျော်ဇေယျာစိုးက ပြောသည်။

“အာဏာသိမ်းထားတာကိုက မတရားဘူးဆိုတာ သိနေပြီးသား။ သူတို့ရဲ့ လုပ်ရပ်အားလုံးကတော့ မတရားဘူးလို့ပဲခံစားရတယ်။ လတ်တလောကတော့ မတတ်သာလို့သာ ဖမ်းဆီးချုပ်နှောင်ခံနေရတာပါ” ဟု ဦးကျော်ဇေယျာစိုးက ဆိုသည်။

ဦးငွေစိုးသည် မတ်လ ၁၁ ရက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဉ် စစ်ကားသုံးစီးဖြင့်လာရောက် ဖမ်းဆီးခံလိုက်ရပြီးနောက် CDM လှုံဆော်အားပေးကူညီသည်ဟုဆိုကာ တရားစွဲခံလိုက်ရကြောင်း ၎င်းကပြောသည်။

ဖမ်းဆီးသွားပြီးနောက် မတ်လ ၁၂ ရက်တွင် စစ်ကြောရေးတွင် စစ်ဆေးခံခဲ့ရသေးပြီး မတ်လ ၁၃ ရက်တွင် ထားဝယ်အကျဉ်းထောင်သို့ပို့လိုက်ကြောင်း ၎င်းကပြောသည်။

ဦးငွေစိုးနှင့်အတူ ရေဖြူမြို့နယ်ဒေသခံ ဦးမြင့်ဝင်း၊ မူဒူးဒေသခံအမျိုးသားတစ်ဦး စုစုပေါင်းသုံးဦးကို ထောင်ဒဏ်ချမှတ်ခံလိုက်ရကြောင်းဆိုသည်။