မော်လမြိုင်တွင် လူငယ်နှစ်ဦး ပစ်သတ်ခံရ

0
743

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် ဇွန်လ ၂၀ ရက်နေ့ညက ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က မော်လမြိုင် ကျောက်မီးသွေးရုံးမီးပွိုင့်နေရာတွင် ရဲနှင့် စစ်တပ် အင်အား ၂၀ ခန့်တို့က ဖြတ်သန်းသွားလာနေသူတို့ကို တားဆီးစစ်ဆေးမှုပြုလုပ်နေခဲ့သည်။ထိုသို့ တားဆီးစစ်ဆေးနေစဉ် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးက ကျောက်မီးသွေးရုံး မီးပွိုင့်နေရာအရောက်တွင် ဆိုင်ကယ်ရပ်မပေးဟုဆိုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတို့ထံမှ သိရသည်။

ပစ်သတ်ခံရသည့် လူငယ်နှစ်ဦးသည် ဘီလူးကျွန်း အဘစ်ကျေးရွာမှ မောင်မိုးဇော်ဦးနှင့် မောင်ဇော်မင်းဦးတို့ဖြစ်ကြောင်းလည်း သိရသည်။

“ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာ၊ ပစ်လိုက်ပြီးတော့ အဲအနားကို ဘယ်သူမှလည်း ပေးမကပ်ဘူး နောက် အချိန်နဲနဲကြာတော့မှ လူနာတင်ကားနဲ့ လာတင်သွားတယ် နှစ်ယောက်စလုံး သေသွားတယ်” ဟု ဖြစ်စဉ်ကို သိရှိသူ မြို့ခံတစ်ဦးက ပြောသည်။

တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ပေါ်တွင် တားဆီးစစ်ဆေးမှုများကို နေ့ရော ညပါ တင်းကြပ်စွာ ပြုလုပ်လာခဲ့သည်။ မော်လမြိုင်တွင် ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်သတ်မှတ်ထားသည်။