မော်လမြိုင်တွင် တစ်ရက်တည်း ကိုဗစ်ကူးစက်ခံရသူ ၁၁ ဦးတွေ့

0
335

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးအထိ တွေ့ရှိခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ကိုဗစ်ကူးစက်ခံရသူ ၁၁ ဦးတွင် မော်လမြိုင် စျေးကြိုရပ်ရှိ ကမ္ဘာ့ရတနာဘဏ်မှ ဝန်ထမ်း ၈ ဦးနှင့် ထိတွေ့မိသားစုဝင် ၁ ဦး၊ မော်လမြိုင် အမှတ်(၉) အခြေခံ ပညာအထက်တန်းကျောင်းမှ ၁၀ တန်းကျောင်းသူတစ်ဦးနှင့် ထိတွေ့မိသားစုဝင် တစ်ဦးတို့ဖြစ်သည်။ထိုကြောင့် မော်လမြိုင်တွင် ဇွန်လ ၁၅ ရက်နေ့ တစ်ရက်တည်း၌ပင် ကိုဗစ်ကူးစက်ခံထားရသူ ၁၁ ဦးအထိ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ပိုးကူးစက်ခံထားရသူတွေကို လက်ရှိ ၁၀ မြို့နယ်ဆောင်(မော်လမြိုင်တက္ကသိုလ်) နဲ့ ရောဂါအခံရှိတဲ့လူတွေ အသက်ကြီးသူတွေကို မဆရ-၅ မှာ ဆေးကုသမှုခံယူနေကြရတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိလာကာ မေလအကုန် ဇွန်လဆန်းပိုင်းခန့်မှစပြီး ရောဂါကူးစက်မှု ဆက်တိုက်တွေ့ရှိလာသည့်အပြင် သေဆုံးမှုလည်း ဆက်တိုက်ရှိလာခဲ့သည်။ဇွန်လ ၁၅ ရက်နေ့အထိ စာရင်းများအရ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံထားရသည့်လူနာ ၃၃ ဦးအထိရှိနေပြီး သေဆုံးသွားသည့်လူနာ ၃ ဦးရှိသည်။

လက်ရှိအနေအထားအရ မွန်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်း ပြန်ဝင်လာသည့်အခြေအနေကြောင့် ပြည်သူများ မပေါ့ဆကြရန်နှင့် ကျန်းမာရေးအသိရှိကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။“

ပြည်သူလူထုကိုယ်၌ကလည်း သတိထားပါ အကြောက်မလွန်ပါနဲ့ ဒါပေမယ့် သတိဝိရိယနဲ့ သတိ မပေါ့ပါနဲ့ ကိုဗစ်တတိယလှိုင်းက ပြန်ဝင်လာဖို့အခြေအနေရှိပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။တပ် အာဏာမသိမ်းခင် ဇန်နဝါရီလကုန်အထိ မွန်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၄၀ ကျော်အထိရှိခဲ့သည်။