ဘုရားသုံးဆူမြို့ခံတစ်ဦး ထပ်မံပစ်သတ်ခံရ

0
206
Dawei Watch, Dawei News, Dawei News Media

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နေပြည်သူတစ်ဦး ဇွန်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတို့ထံမှ သိရသည်။ဘုရားသုံးဆူမြို့ ရပ်ကွက် (၂) နေသူ ဦးမောင်ကျော်သည် ယနေ့နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က အမည်အသိ သေနတ်သမားတို့မှ ကားဖြင့် လာရောက် ပစ်သတ်သွားခြင်းဖြစ်သည်။

“သေနတ်သမားကတော့ ကားနဲ့ လာပစ်သွားတယ်လို့ ပြောတယ်၊ ခေါင်းထိသွားတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ပစ်သတ်ခံရသည့် ဦးမောင်ကျော်ဆိုသူသည် တပ်သတင်းပေးတစ်ယောက်ဟု ပြောဆိုနေကြသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မေလ ၁၉ ရက်နေ့တုန်းကလည်း ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းကို အမည်အသိလူတစ်စုတို့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ်သွားခဲ့သည်။၎င်းပြင် ဇွန်လ ၈ ရက်နေ့ညနေခန့်ကလည်း မွန်ညီညွတ်ရေပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည့် မိဝေသီဖြိုးသည်လည်း ဘုရားသုံးဆူမြို့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုရားသုံးဆူမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုများ ရှိခဲ့ပြီး ယခုကဲ့သို့သော လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသဖြင့် မြို့ခံတို့အတွက် စိုးရိမ်ထိတ်လန့်စရာဖြစ်နေသည်ဟု မြို့ခံတို့က ပြောသည်။

“ဒီတလောမှာပဲ အဲလိုမျိုး သေနတ်နဲ့ ပစ်သတ်ခံရတာ ဒီတစ်ယောက်ပါဆို ၃ ယောက်ရှိသွားပြီ၊ ဘာတွေဖြစ်နေမှန်းတော့ မသိတော့ဘူး၊ နေရတာလည်း မလုံခြုံတော့ဘူး” ဟု မြို့ခံတစ်ဦးက ဆိုသည်။ဘုရားသုံးဆူမြို့တွင် အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူတို့ကို လိုက်လံ ဖမ်းဆီးနေပြီး မြို့ခံတို့ကလည်း ပုံစံမျိုးစုံဖြင့် ဆက်လက် ဆန့်ကျင်နေကြဆဲဖြစ်သည်။