သေနတ်ပစ်ခံရသည့် သဘော့ဆိပ်မှ အမျိုးသမီးနှစ်ဦး အခြေအနေ မသိရသေး

0
139
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့‌ဆိပ်ကျေးရွာအုပ်စုရှိ ဒေသအခေါ် ချောင်းဝပြင်ကျေးရွာက သေနတ်ဖြင့်အပစ်ခံရသည့် အမျိုးသမီးနှစ်ဦး၏ နောက်ဆုံး အခြေအနေကို မသိရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

မေလ ၃၀ ရက် ညကိုးနာရီကျော်ခန့်တွင် စစ်သားများချောင်းဝပြင်ရွာအတွင်း ရောက်လာသဖြင့် ရွာသားအချို့ ကြောက်လန့်ပြီး ပင်လယ်ဘက်သို့ ထွက်ပြေးစဉ် စစ်သားများက သေနတ်ဖြင့် ပစ်လိုက်ကြောင်း သေနတ်အပစ်ခံလိုက်ရသည့် မိသားစုဝင်တို့နှင့် ရွာသားအချို့ကပြောသည်။

“ရွာထဲကို စစ်သားတွေလာနေတယ်ဆိုတာသိလို့ ပြေးတဲ့အချိန်မှာ သူတို့က ကားနဲ့ရောက်လာတယ်။ သူတို့က ပြေးနေတာကိုမြင်လို့ အမှောင်ထဲကို သေနတ်နဲ့ပစ်လိုက်တာ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးမိခင် အသက် ၂၃ နှစ်ခန့်အရွယ် မအေးချိုနှင့် သားသမီးလေးဦးရှိသည့် အသက် ၄၇ နှစ်အရွယ် ဒေါ်စန်းပိုတို့ သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါ်စန်းပို၏ သမီးဖြစ်သူက ပြောသည်။

ယင်းအပြင် မူလတန်းကလေးအရွယ် ဒေါ်အေးချို၏ သားဖြစ်သူတွင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
မအေးချိုနှင့် ဒေါ်စန်းပိုတို့နှစ်ဦးအား ကားပေါ်သို့တင်နေစဉ် ဒေါ်စန်းပိုရဲ့ သမီးဖြစ်သူက အနီးကပ်မြင်လိုက်ရခြင်းဖြစ်သည်။

ယင်းအချိန်တွင် မအေးချိုမှာ ကားပေါ်တွင် မလှုပ်နိုင်တော့ဘဲ ဒေါ်စန်းပိုမှာ သတိရနေသေး‌ကြောင်း ၎င်းကပြောသည်။

ဒဏ်ရာအနည်းငယ်ရသော ကလေးငယ်ကိုမူ မခေါ်သွားကြောင်း ၎င်းက ရှင်းပြသည်။

“မအေးချိုကတော့ သေနတ်ထိတာနဲ့ ပုံပြီးလဲကျသွားတယ်။ ကျွန်မအမေမှာကတော့ ဗိုက်ကို ထိသွားတာ။ ဗိုက်အောင့်တယ်လို့ပြောနေတယ်”ဟု ၎င်းကဆိုသည်။

မေလ ၃၁ ရက် နံနက်ပိုင်းတွင် ‌သေနတ်ဒဏ်ရာရှိသူနှစ်ဦးစလုံး သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာသဖြင့် မိသားစုဝင်တို့က စစ်တပ်ဆေးရုံတွင် သွားရောက်စုံစမ်းခဲ့သော်လည်း မတွေ့ရကြောင်း ဦးစိုးစိုးက ပြောသည်။

ဦးစိုးစိုးမှာ စစ်တပ်ဆေးရုံတွင် ကိုယ်တိုင်လိုက်လံစုံစမ်းမေးမြန်းနေသည့် ဒေါ်စန်းပို၏ အမျိုးသားဖြစ်သည်။

သူတို့ရဲ့ စုံစမ်းမေးမြန်းချက်အရ ဒဏ်ရာရသူနှစ်ဦးစလုံးသေဆုံးသွားပြီဖြစ်ကြောင်း ဦးစိုးစိုးက ယုံကြည်နေသည်။ သို့သော် မေလ ၃၁ ရက် ညနေ ငါးနာရီအထိ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အလောင်းကို အုပ်ချုပ်ရေးမှူးတစ်ဦးက လာထုတ်သွားပြီဖြစ်ကြောင်း စစ်တပ်ဆေးရုံဘက် ပြောဆိုလိုက်သဖြင့် ဦးစိုးစိုးတို့ အလောင်းရှာမတွေ့ဘဲ အိမ်ပြန်ရောက်နေကြပြီဖြစ်သည်။