မွန်တွင် ကိုဗစ်လူနာ ဆက်တိုက်တွေ့

0
223
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ဆက်တိုက် တွေ့ရှိလာသည်ဟု ကျန်းမာရေးဌာနနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတို့ထံမှ သိရသည်။

မေလ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်မှ အမျိုးသား ၂ ဦးတွင် ကိုဗစ်ပိုး စတင်တွေ့ရှိခြင်းဖြစ်သည်။

မေလ ၃၁ ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ အနံ့ပျောက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို သံဖြူဇရပ်ဆေးရုံတွင် ရောဂါပိုးရှိ မရှိ စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပိုးတွေ့လူများနှင့် ထိတွေ့ခဲ့သူများကို နေအိမ်တွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသည်ဟုလည်း သံဖြူဇရပ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ပိုးတွေ့လူနာများကို မော်လမြိုင်ရှိ ကိုဗစ်ပိုးတွေ့လူနာများထားရှိရာဆေးရုံသို့ ပို့ဆောင်ဆေးကုလျက်ရှိသည်။

“အခု ပိုးတွေ့တဲ့အခြေအနေက ဆက်တိုက်ရှိလာနေတယ်၊ ပေါ့ဆနေလို့ မရတော့ဘူး” ဟု မြို့နယ်တာဝန်ကျဆရာဝန်တစ်ဦးက ပြောသည်။

မေလ ၂၅ ရက်နေ့တုန်းကလည်း မော်လမြိုင်တက္ကသိုလ် ၁၀ မြို့နယ်အဆောင် အသွားအလာကန့်သတ်ရေးစင်တာမှ တာဝန်ကျဝန်ထမ်း ၄ ဦးထံတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

၎င်းပြင် သထုံ၊ ပေါင်မြို့နယ်တို့မှလည်း ပိုးတွေ့လူနာ ရှိကြောင်း ထိုင်းနိုင်ငံမှ ပြန်လာသူများထံတွင်လည်း ကိုဗစ်ပိုးတွေ့ရှိမှု ရှိသည်ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် စစ်တပ် အာဏာမသိမ်းခင် ဇန်နဝါရီလကုန်အထိ ကိုဗစ်ပိုးတွေ့လူနာ ၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးမှုလည်း ရှိခဲ့သည်။

တပ် အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလမှစကာ ပြည်နယ်အတွင်းက ကိုဗစ်လက္ခဏာပြသူများအား ရောဂါပိုးရှိ မရှိ စစ်ဆေးပေးခြင်းများ ရပ်ဆိုင်းသွားခဲ့သည့်အတွက် ကိုဗစ်ရောဂါပိုးတွေ့ရှိမှုလည်း မရှိဖြစ်လာခဲ့သည်။

ယခုအခါ ပြည်ပနိုင်ငံများတွင် ကိုဗစ်တတိယလှိုင်း ကူးစက်မှုများလာသည့်အတွက် ပြည်နယ်အတွင်း၌ ကိုဗစ်စစ်ဆေးမှုကို ပြန်လည်လုပ်ဆောင်လာသည့်အတွက် ရောဂါပိုးတွေ့ရှိမှု ပြန်လည်တွေ့ရှိလာခြင်းဖြစ်သည်။