မြိတ်တွင် အဖမ်းဆီးခံ သတင်းထောက်နှစ်ဦး ဇွန်လဆန်းတွင် အမိန့်ချမည်

0
157
Dawei Watch, Dawei News, Dawei News Media

အဖမ်းခံထားရသော မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်နှင့် မဇ္ဈိမ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့အား လာမည့် ဇွန်လ ၂ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း မိသားစုဝင်များ ထံမှသိရသည်။

သတင်းအမှား ထုတ်လွှင့်သည်ဟုဆိုကာ ကိုအောင်ကျော်အား မတ်လ ၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အလားတူ မဇ္ဈိမ သတင်းဌာန အလွတ်တန်းသတင်းထောက် ကိုဇော်ဇော် ကို ဧပြီလ ၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဉီးအား ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခဲ့သည်။

ကိုအောင်ကျော်အား မေလ ၂၆ ရက်နေ့က ခြောက်ကြိမ်မြောက်ရုံးထုတ် ခဲ့ပြီး
ယင်းနေ့တွင် လျှောက်လဲချက်အား ကိုယ်တိုင် အပြီးသတ်ရေးကာ တရားသူကြီးထံသို့တင်သွင်းခဲ့ကြောင်း ၎င်း၏ဇနီးဖြစ်သူ မနေခြည်မိုးထက် ဆိုသည်။

“ရှေ့နေမရှိတော့ ကိုယ်တိုင်ရေးရတယ်။
လာမယ့် ၂ ရက်နေ့ (ဇွန်) မှာအမိန့်ချမယ်လို့ တရားသူကြီးကပြောသွားတယ်”ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံပြီးအချိန်ကစ၍ ယနေ့အထိ ကိုအောင်ကျော်သည် မိသားစုနှင့်တွေ့ခွင့်မရသေးသော်လည်း ကိုဇော်ဇော် ကမူအဖမ်းခံရပြီးနောက်တစ်နေ့တွင် မိသားစုနှင့် တစ်ကြိမ်တွေ့ခွင့်ရခဲ့ကြောင်း ကာယကံရှင်မိသားစုထံမှသိရသည်။

“အမိန့်ချပြီးတဲ့နောက် မိသားစုကို ဖုန်းနဲ့စကားပြောခွင့်ပေးတယ်လို့တော့ကြားရတယ်။ အမိန့်ချတာ မိသားစုတွေ မသိမှာစိုးလို့ဆိုပြီး ပေးပြောတယ် ကိုအောင်ကျော်က ဘယ်လိုလာမယ် မသိသေးပါဘူး” မနေခြည်မိုးထက် ကပြောသည်။

ကိုအောင်ကျော်တွင် ဇနီးသည်နှင့် ၂ နှစ်ကျော်အရွယ်သမီးတစ်ဉီးရှိပြီး ကိုဇော်ဇော်၌ ဇနီးသည်နှင့် ငါးနှစ်အရွယ် သားတစ်ဦး ရှိသည်။