ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ပစ်သတ်ခံရ

0
252

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေသည် ယနေ့ နံနက်တွင် ပစ်သတ်ခံရကြောင်း ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။

မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဦးမြင့်ဆွေနှင့် ဇနီးတို့သည် ၎င်းတို့ပိုင် ကြက်မောက်ခြံသို့အသွား လမ်းတွင် အမည်မသိသူနှစ်ဦးတို့မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ပစ်ခတ်ခံရသည့်နေရာ၌ပင် ဦးမြင့်ဆွေ သေဆုံးသွားပြီး ဇနီးဖြစ်သူမှာ အပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ လာပစ်သွားတယ်၊ ဦးမြင့်ဆွေကတော့ ပွဲချင်းပြီး သေသွားတယ်၊ သူ့အမျိုးသမီးကတော့ မေရိုးမှာ ဒဏ်ရာရ သွားတယ်လို့ သိရတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာသို့ တပ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် နယ်မြေတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောင်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲ ရှုံးနိမ့်ထားသူဖြစ်သည်။