ပုလောတွင် လယ်လုပ်ရာမှ ပြန်လာသူသုံးဦး မိုးကြိုးပစ်ခံရ၊ တစ်ဦိးသေ

0
126

ပုလောမြို့နယ်အတွင်းရှိ ဇရပ်ဆိပ်ရွာတွင် မေလ ၁၉ ရက် ညနေက လယ်ယာလုပ်ငန်းခွင်မှ ပြန်လာသည့် အမျိုးသားသုံးဦး မိုးကြိုးပစ်ခံရပြီး တစ်ဦးပွဲချင်းပြီးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇရပ်ဆိပ်ကျေးရွာအုပ်စု အမှတ် ၄ ရပ်ကွက်နေ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားသုံးဦး လယ်ယာလုပ်ငန်းခွင်မှ နေအိမ်သို့ပြန်လာစဉ် လယ်ကွင်းအတွင်းမှာပင် မိုးကြိုးပစ်ခံရကြောင်း ဇရပ်ဆိပ်ရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ထိုသို့မိုးကြိုးပစ်ခံရသည့်အတွက် ကိုကျော်လွင်မှာ ပွဲချင်းပြီးသေဆုံးသွားပြီး အခြားနှစ်ဦးတွင် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“နှစ်ဦးကိုတော့ ပလတိုက်နယ်ဆေးရုံကို ပို့လိုက်တယ်”ဟု ဟု အထက်ပါ အမျိုးသားက ဆိုသည်။

မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလ၏ နေ့လယ်နှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ အားကောင်းလာပါက မိုးကြိုးပစ်လေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးကြိုးပစ်ခြင်းအပါအဝင် သဘာဝဘေးန္တရာယ်တစ်ခုခုကြောင့် သေဆုံးပါက တစ်ဦးလျှင် ငွေကျပ်သုံးသိန်းနှင့် ဒဏ်ရာရ၍ ဆေးရုံတက်ကုသရသူတစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်း ထောက်ပံ့နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ကျော်လင်းခန့်