ဘုတ်ပြင်းတွင် ကမ်းဇော်စေ့ ကောက်ပြီး အပြန်လှေမှောက်၊ ခြောက်ဦးသေ တစ်ဦးပျောက်နေဆဲ

0
127
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကမ်းဇော်စေ့ ကောက်ပြီးပြန်လာသည့် လှေတစ်စီး ပင်လယ်အတွင်း မေလ ၁၉ ရက် ညနေက တိမ်းမှောက်ခဲ့ပြီး လူခြောက်ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံး နေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာနေသူများက ကော့ရဲကြီးကျွန်းတွင် ကမ်းဇော်စေ့ကောက်ယူပြီးအပြန် ရုတ်တရက်လေပြင်းတိုက်ခတ်ကာ လှိုင်းကြီးပြီး ပင်လယ်ပြင်အတွင်း လှေမှောက်ခဲ့ခြင်းဖြစ်သည်။

ကော့ရဲကြီးကျွန်းကို ကံမော်ကြီးကျေးရွာမှ စက်လှေဖြင့် နှစ်နှာရီကျော် ခုတ်မောင်းသွားရသည်။

ကမ်းဇော်အစေ့ကို ကြိတ်ရာမှရရှိသည့် ကမ်းဇော်ဆီမှာ ရောဂါအများစု ပျောက်ကင်းသည်ဟုဆိုသည်ပြီး နာမည်ကြီးသည်။

အဆိုပါလှေပေါ်တွင် ဒေသခံ အမျိုးသား အမျိုးသမီးစုစုပေါင်း ၂၅ ဦး လိုက်ပါလာကြောင်း ကံမော်ကြီးရွာနေ ဒေသခံအချို့က ဆိုသည်။

လှေမှောက်သည့်အတွက် လှေပေါ်ပါလာသူများအနက် ဆယ်လသားအရွယ် မိန်းကလေးတစ်ဦး အပါအဝင် အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ယင်းဒေသခံများကပြောသည်။

ထို့အပြင် လှေပေါ်ပါ အမျိုးသမီးတစ်ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ခြောက်လောင်းကတော့ ဒီကနေ့ပဲ ကရသူရိစခန်းမှူးလာစစ်ဆေးပြီး မြေမြုပ်လိုက်ပါပြီ။ တစ်ယောက်ကတော့ ရှာဖွေနေတုန်းပဲ”ဟု ကံမော်ကြီးရွာသားတစ်ဦးက ပြောသည်။

ဧပြီလနှင့်မေလတွင် ယင်းကျွန်း၌ အလေ့ကျပေါက်နေသည့် ကမ်းဇော်ပင်များမှ ကမ်းဇော်သီးများကို အနီးအနားကျေးရွာနေ ဒေသခံများက ကောက်ယူရောင်းချကြကြောင်း သိရသည်။