ရေးမြို့နယ်တွင် ဗုံးပေါက် ကလေးတစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရ

0
203
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ကျောင်းရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မေလ ၁၉ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့်က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကျောင်းရွာအုပ်ချုပ်ရေးမှူးအပြင် အခြားရွာခံ နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ထိသွားတဲ့ ၅ ယောက်ထဲမှာ ကလေးနဲ့ သူ့အဖေ နောက်ပြီးတော့ အမျိုးသမီးတစ်ဦး အဲဒီ ၃ ယောက်ကို မော်လမြိုင်ကို ပို့လိုက်ရတယ်၊ ကလေးနဲ့ အမျိုးသမီးကတော့ အခြေအနေဆိုးတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ကျေးရွာအတွင်း တပ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ လုံခြုံရေး တင်းကြပ်ထားသည်ဟုလည်း ဒေသခံတို့မှ သိရသည်။

ရေးမြို့နယ် လမိုင်းမြို့နှင့် မော့ကနင်ကျေးရွာတို့တွင်လည်း မေလ ၂၀ ရက်နေ့ညက အထကကျောင်းနှင့် အုပ်ချုပ်ရေးမှူးရုံးအနီးတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းသိရသည်။

၎င်းပြင် မေလ ဒုတိယအပတ်အတွင်းကလည်း ရေးမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခုရက်ပိုင်းအတွင်း မော်လမြိုင်နှင့် သထုံမြို့တို့တွင်လည်း ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံနှင့် လူထိခိုက်မှုလည်း ရှိခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ မြို့အချို့တို့တွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက်ပိုင်း မြို့အဝင်အထွက်နေရာများအပြင် မြို့ပေါ်အနှံ့ စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသည်ဟုလည်း ဒေသခံတို့မှ သိရသည်။

မွန်ပြည်နယ်အတွင်း အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ မပြုလုပ်နိုင်အောင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားသော်လည်း နည်းအမျိုးမျိုးဖြင့် ဆက်လက် ဆန္ဒပြဆဲ ဖြစ်သည်။