လောင်းလုံး ရပ်ကျေးအုပ်ချုပ်ရေးမှူးအဟောင်းများကို ခေါ်ယူစစ်ဆေး

0
153
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး‌‌ဟောင်းအချို့အား မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် ပန်းတင်အင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဆန်းဝင်းနှင့် ညောပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ဆန်းမင်းတို့အား စစ်ဆေးရန် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ယင်းကျေးရွာနှစ်ရွာမှ ဒေသခံအချို့က ပြောသည်။

ပန်းတင်အင်းရွာ အုပ်ချုပ်ရေးမှူးဟောင်းအား ဧပြီလ ၃၀ ရက်နှင့် ညောပြင်ကျေးရွာအုပ်ချုပ်ရေးမှူးအား မေလ ၁ ရက်တို့တွင် ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အခြားကျေးရွာများမှ အုပ်ချုပ်ရေးမှူးဟောင်းအချို့လည်း ထိန်းသိမ်းခံရသည်ဟု သတင်းထွက်နေသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။

အခြားရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများကိုလည်း အစည်းအဝေး တက်ရန်ဟုဆိုကာ ဖုန်းဆက်ခေါ်ယူနေကြောင်း တိမ်းရှောင်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ဆိုသည်။

သို့သော် ဖမ်းဆီးခံရမည်ကိုစိုးရိမ်သဖြင့် အစည်းအဝေးသွားမတက်ဘဲ တိမ်းရှောင်နေကြကြောင်း ၎င်းကဆိုသည်။

ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်နှင့် အခြားမြို့နယ်များရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး အချို့ကိုလည်း သက်ဆိုင်ရာရဲစခန်းများတွင် ထိန်းသိမ်းထားကြောင်း သိရသည်။