ထိုင်းပြန် မြန်မာနိုင်ငံသားနှစ်ရာကျော် ကော့သောင်းတွင် ကွာရန်တင်းဝင်

0
201

ထိုင်းနိုင်ငံ အကျဉ်းထောင်မှပြန်လွတ်လာသည့် မြန်မာနိုင်ငံသား နှစ်ရာကျော်ကို ကော့သောင်းမြို့ရှိ ကွာရန်တင်းစခန်းတွင် စောင့်ကြည့်နေကြောင်း ရွှေ့ပြောင်းအလုပ်သမားများအားကူညီနေသည့် အဖွဲ့တစ်ခုထံမှ သိရသည်။

အမျိုးသမီး ၂၀ ဦးအပါအဝင် စုစုပေါင်းမြန်မာနိုင်ငံသား ၂၁၆ ဦးမှာ ဧပြီလ ၃၀ ရက်က ကော့သောင်းမြို့သို့ ရောက်ရှိလာကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ကော့သောင်းရွှေ့ပြောင်း အလုပ်သမား ပညာပေးရေးစင်တာ တာဝန်ခံ ဦးမိုးဝေက ပြောသည်။

အဆိုပါ နိုင်ငံသား နှစ်ရာကျော်ကို စောင့်ကြည့်စခန်းလေးခုတွင်ခွဲထားပြီး ကိုဗစ်ရောဂါကူးစက် ခံထားရခြင်းရှိ/ မရှိ ၁၄ ရက်စောင့်ကြည့်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုလောလောဆယ်တော့ သူတို့ကို အပူချိန်တိုင်းတာတို့ စောင့်ကြည့်တာ တို့လုပ်မယ်။ နောက်မှရောဂါစစ်ဆေးပြီး သူတို့သွားချင်တဲ့ နေရာ သွားလို့ရမယ်” ဟု ဦးမိုးဝေက ပြောသည်။

ယင်းမြန်မာနိုင်ငံသားများသည် နယ်စပ်ဂိတ်ပိတ်ထားသဖြင့် ထောင်မှလွတ်ပြီး လအတန်ကြာသည်အထိ မြန်မာနိုင်ငံဘက်သို့ မလာနိုင်ဘဲ ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ အချုပ်ထဲတွင်နေရသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းတို့အား နှစ်နိုင်ငံသဘောတူညီချက်ဖြင့် မြန်မာနိုင်ငံဘက်သို့ ပြန်ခေါ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။