၀န်ကြီးချုပ် ဦးမြင့်မောင်အမှု တရားလိုစစစ်

0
139

တပ်အာဏာသိမ်းပြီးနောက် တရားစွဲခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အမှု ဧပြီလ ၂၁ ရက်နေ့ ရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေက ပြောသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ဦးမြင့်မောင်အမှုတွင် တရားလိုဖြစ်သည့် ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါရုံးချိန်းတွင် တရားလိုစစ်ဆေးမှု မပြီးစီးသည့်အတွက် နောက်ရုံးချိန်းတွင် ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

ဦးမြင့်မောင်အမှုကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။

“တရားလိုကို စစ်ဆေးတော့ တင်ပြရမယ့် အထောက်အထားတွေများတော့ တရားလိုစစ်ဆေးလို့မပြီးဘူးဗျ” ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။

နောက်ရုံးချိန်းကို ဧပြီလ ၂၉ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း ၎င်းက ဆိုသည်။

အဆိုပါအမှုတွင် လိုပြသက်သေ ၂ ဦးတင်ပြထားပြီး စွပ်စွဲခံရသူဘက်မှ တင်ပြထားခြင်းမရှိသေးကြောင်း ဦးအောင်ဇာနည်စိုးက ပြောသည်။

ဦးမြင့်မောင်အမှုအား ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်ထားသည်။

တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်စောစောတွင် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့သည်။

ထိုနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ -ခ ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။