ထားဝယ်မြို့အနီး ကသန်းကျေးရွာ ပစ်ခတ်မှု

0
180

ထားဝယ်မြို့အနီး ကျေးရွာတစ်ရွာတွင် ဧပြီလ၁၀ ရက်နေ့ နံနက်ပိုင်းက သေနတ်ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်အတွင်း ကရင်တိုင်းရင်းသားတစ်ဦး သေဆုံးသွားခဲ့ပြီး တပ်ဆေးရုံကမူ ဆိုင်ကယ်လဲသဖြင့် သေဆုံးသည်ဟု ဆိုသည်။

အသက် ၃၉ နှစ်အရွယ်ရှိ စောဆဲနေမူးသည် ဓားသွေးကျောက်ကျေးရွာမှ ထားဝယ်မြို့ဘက်သို့လာစဉ် မြို့အဝင်ဖြစ်သည့် ဗျောတောဝဂိတ်တွင် စစ်ဆေးရန် ရဲနှင့် စစ်တပ်က တားဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

ထိုသို့ တားဆီးသည်ကို ကရင်အမျိုးသားက ကြောက်လန့်ပြီး လာရာလမ်းအတိုင်း ပြန်မောင်းပြေးခဲ့သည်ဟု ဆိုသည်။

ထိုသူမောင်းပြေးရာနောက်သို့ သေနတ်ကိုင်ထားသည့် အရပ်ဝတ်များက ဆိုင်ကယ်သုံးစီးဖြင့် လိုက်သွားသည်ကို တွေ့ရကြောင်း မြင်တွေ့ခဲ့သည့် အသက် ၄၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ထိုနောက် သေနတ်သံခြောက်ချက်ခန့်ကြားရပြီး ဗျောတောဝဂိတ်နှင့် သုံးမိုင်ခန့်အကွာရှိ ကသန်းကျေးရွာတွင် ဆိုင်ကယ်လဲသွားကြောင်း ဒေသခံအချို့က ဆိုသည်။

ထိုနောက် အထက်ပါ အမျိုးသားအား ကားတစ်စီးဖြင့် စစ်တပ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့သူအချိုက ပြောသည်။

အထက်ပါဖြစ်စဉ်တစ်ခုလုံးနှင့် ပတ်သက်၍ ကသန်းကျေးရွာ ဒေသခံများကို ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း ဖြေဆိုရန် ငြင်းဆိုကြသည်။ အချို့မှာ မသိရှိ၊ အချို့မှာ မျက်မြင်တွေ့ခြင်း မရှိဟု ပြောဆိုကြသည်။

ထိုကြောင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ် အတိအကျနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် ကြိုးပမ်းဆဲ ဖြစ်သည်။

လက်ရှိတွင် အလောင်းအား စစ်တပ်ဆေးရုံတွင် သွားယူပြီး ထားဝယ်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းတွင် ထားရှိထားသည်။

သက်ဆိုင်ရာ သတင်းထောက်က သွားရောက်ကြည့်ရှုခဲ့သော မျက်မြင် အနေအထားအရ အလောင်းတွင် သေနတ်ကျည်အစစ်ထိမှန်ထားသည့် ဒဏ်ရာမတွေ့ဘဲ နှာခေါင်းမှ သွေးထွက်နေသည်ကိုသာ တွေ့ရသည်။ ညာဘက်ရင်အုံတွင် ညိုမဲဒဏ်ရာ တစ်ချက်ကို တွေ့ရသည်။

စစ်တပ်ဆေးရုံမှ အလောင်းနှင့်အတူပေးလိုက်သည့် သေဆုံးခြင်းမှတ်တမ်းတွင်မူ ဆိုင်ကယ်မတော်တဆမှုကြောင့် ဦးခေါင်းခွံထိခိုက်သေဆုံးသည်ဟု ဖော်ပြထားသည်။

ထားဝယ်မြို့ပေါ် ရှမ္မလည်ဆွဲရပ်တွင် နေထိုင်ပြီး အငြိမ်းစားကျောင်းဆရာတစ်ဦး၏ သားဖြစ်သည့် သေဆုံးသူ စောဆဲနေမူးမှာ အိမ်ထောင်မရှိ လူလွတ်တစ်ဦးဖြစ်သည်။