ဆိုင်ကယ်သွားထုတ်သည့် ကျောင်းဆရာမတစ်ဦးနှင့် သားဖွားဆရာမတစ်ဦး အဖမ်းခံရ

0
150
Dawei Watch, Dawei News, Dawei News Media

ဆိုင်ကယ်သွားထုတ်သည့် ကျောင်းဆရာမတစ်ဦးနှင့် သားဖွားဆရာမတစ်ဦး ဧပြီလ ၁၀ ရက်နေ့လယ်ပိုင်းက အဖမ်းခံခဲ့ရကြောင်း ထားဝယ်ကုသိုလ်ဖြစ်ဆေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၇ ရက်က ကျည်ဆန်ထိမှန်ခဲ့သည့် လူနာအမျိုးသားတစ်ဦးကို သွားရောက်ကုသပေးစဉ် ကုသိုလ်ဖြစ်ဆေးခန်းမှ ဆိုင်ကယ်သုံးစီးကို ရဲတပ်ဖွဲ့နှင့် စစ်သားများက သိမ်းယူသွားပြီး ဧပြီလ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ဆိုင်ကယ်လာထုတ်ရန် တိုင်းရဲရုံးသို့ ခေါ်ယူသဖြင့် သွားရောက်ထုတ်ယူစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု အထက်ပါ‌ဆေးအဖွဲ့မှ အမျိုးသားတစ်ဦးက ပြောသည်။

တိုင်းရဲရုံးတွင် ဆိုင်ကယ်သွားထုတ်ရန် ကျောင်းဆရာမက ဦးစွာရောက်ရှိခဲ့ခြင်းဖြစ်ပြီး ညီမဖြစ်သူ သားဖွားဆရာမအား တိုင်းရဲရုံးကိုလာခဲ့ရန် ခေါ်သဖြင့် ညီမဖြစ်သူနှင့် ကုသိုလ်ဖြစ်ဆေးခန်းမှ ဆေးဝါးအကူ သူနာပြုဆရာတစ်ဦး ရောက်ရှိစဉ် ဖုန်းများကို စစ်ဆေးပြီး သုံးဦးစလုံးကို တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ခြင်းဖြစ်သည်။

သူနာပြု အမျိုးသားကိုမူ ညနေပိုင်းတွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်သည်။

ဆရာမနှစ်ဦး၏ ဖုန်းများကိုစစ်ဆေးရာ ဖုန်းအတွင်း သပိတ်စစ်ကြောင်းကို ကျန်းမာရေးစောင့်ရှောက်မှုလိုက်ယူပေးနေသည့် မှတ်တမ်းဓာတ်ပုံများ၊ ကျည်ဆန်ထိလူနာများကို ဆေးကုသပေးသည့် မှတ်တမ်းဓာတ်ပုံများ၊ Facebook စာမျက်နှာတွင် တင်ထားသည့် ပိုစ့်များနှင့် CDM ပြုလုပ်ခြင်း စသည့်အကြောင်းအရာများကို စစ်ဆေး‌တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

” မိန်းကလေးတွေက CDM သမားလည်းဖြစ်သလို ဖုန်းထဲမှာလည်း စစ်ကြောင်းမှာ ကျန်းမာရေးစောက်ရှောက်မှုပေးတဲ့ ပုံတွေပါနေတာမို့ ဖမ်းလိုက်တာဖြစ်မယ်။ နေ့လယ် ၂ နာရီခွဲထိ အဆက်သွယ်ရသေးတယ်၊ အဲဒီနောက်ပိုင်း လုံးဝ အဆက်သွယ်ပြတ်သွားတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။

ပြန်လွှတ်ပေးလိုက်သော အမျိုးသားတွင် ဖုန်းမပါလာခြင်း၊ ဆရာမနှစ်ဦးမှ ၎င်းတို့နှင့် အဖော်လိုက်လာပေးသူသာ ဖြစ်ကြောင်း ကာကွယ်ပြောဆို‌ပေးခဲ့ သဖြင့် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူ အမျိုးသမီးနှစ်ဦးကို ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားပြီး ဧပြီ ၁၂ ရက်နေ့က ချုပ်ရက်ယမန်ယူကာ ထားဝယ်အကျည်းထောင်တွင်ရှိနေသည်ဟု ၎င်းတို့၏ ရှေ့နေမှတစ်ဆင့် သိရသည်။

ဖမ်းဆီးခံရသူ ဆရာမနှစ်ဦးမှာ ထားဝယ်မြို့နယ်၊ တလိုင်း‌တောင်ရွာတွင်နေထိုင်သူများဖြစ်ပြီး အသက် ၂၄ နှစ် နှင့် ၂၈ နှစ်ခန့်သည်။ ၎င်းတို့မှာ ညီအစ်မများ ဖြစ်ကြသည်။