လောင်းလုံး သကျက်တောတွင် CDM လာဖမ်း၍ ဒေသခံများ တိမ်းရှောင်

0
229
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့နယ်အတွင်းရှိ သကျက်တောရွာတွင် အာဏာရှင် ဖီဆန်ရေး သပိတ်မှောက် (CDM) လှုပ်ရှားသူများကို ရဲနှင့် စစ်တပ်ကတပ်စွဲပြီး လာရောက်ဖမ်းဆီးနေ သည့်အတွက် ဒေသခံများ တိမ်းရှောင် နေရကြောင်း သကျက်တောရွာ ဒေသခံအမျိုးသမီးတစ်ဦးက Dawei Watch သို့ပြောကြားသည်။

ဧပြီလ ၅ ရက်နေ့တွင် ရဲနှင့် စစ်ကား ၅ စီးခန့်က သကျက်တောနယ်မြေရဲစခန်းတွင် တပ်လာစွဲထားပြီး CDM လုပ်ထားသည့် ဝန်ထမ်းများကို လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့လာဖမ်းသည့်အတွက် ယနေ့နံနက်ပိုင်းတွင် CDM လုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းအမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး ကျန်သည့် အခြားဝန်ထမ်းများလည်း တိမ်းရှောင်နေရကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

အဖမ်းခံရသည့် ကျန်းမာရေးဝန်ထမ်းအား ပြန်လွှတ်ပေးရန် သံဃာတော်များဦးဆောင် သွားပြောသော်လည်း စစ်ဆေးရန်ရှိသည်ဟုဆိုကာ ပြန်မလွှတ်သေးကြောင်း ၎င်းကဆိုသည်။

“စစ်တပ်ကားဆိုတဲ့အသံကြားတာနဲ့ ရှောင်နေကြတာ လူမရှိတော့ဘူး”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

လောင်းလုံးမြို့နယ်တကြောတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ နေ့စဉ်နီးပါးပြုလုပ်လေ့ရှိပြီး ရဲနှင့် စစ်တပ်က တစ်ခါတစ်ရံမှသာ သွားရောက်တားဆီးလေ့ရှိသည်။