မော်လမြိုင် ပုဂ္ဂလိကဘဏ်အချို့ ပြန်ဖွင့် ငွေထုတ်သူများပြား

0
367

မော်လမြိုင်မြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်အချို့တိုက ပြန်လည်ဖွင့်လှစ်နေပြီး ငွေလာထုတ်သူ များပြားသည်ဟု ငွေထုတ်သူအချို့တို့၏ ပြောပြချက်အရ သိရသည်။

ပုဂ္ဂလိက ဘဏ်အချို့ဖြစ်သည့် ကမ္ဘောဇ၊ ဧရာဝတီ၊ CB အစရှိသည့်ဘဏ်တို့က ဧပြီလဆန်းတွင် ပြန်လည်ဖွင့်လှစ်နေပြီး အလှည့်ကျစနစ်ဖြင့် ငွေထုတ်ပေးနေသည်ဟု ငွေထုတ်သူတို့က ပြောသည်။

ငွေလာထုတ်သူ များပြားနေသည့်အတွက် ဘဏ်ရှေ့တွင် အချိန်အတော်ကြာ တန်းစီ စောင့်ဆိုင်းခဲ့ရသည်ဟု ဧပြီလ ၆ ရက်နေ့က ကမ္ဘောဇဘဏ်ခွဲတွင် ငွေထုတ်ခဲ့သူ မိဖြူဇင်က ပြောသည်။

“ညီမဆို နှစ်နာရီလောက်စောင့်လိုက်ရတယ်” ဟု မိဖြူဇင်က ပြောသည်။

ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစုက အာဏာသိမ်း ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာကြပြီး အလုပ်မဆင်းကြသည့်အတွက် မော်လမြိုင်မြို့ပေါ်က ပုဂ္ဂလိကဘဏ်အများစုသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး ပိတ်ထားခဲ့သည်။

ပုဂ္ဂလိဘဏ်အများစု ပိတ်ထားသည့်အတွက် ဘဏ်နှင့် ချိတ်ဆက်လုပ်ငန်းဆောင်ရွက်နေရသည့် လုပ်ငန်းများအတွက် လုပ်ငန်းနှောင့်နှေးမှုရှိကာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု လုပ်ငန်းရှင်တို့၏ ပြောပြချက်အရ သိရသည်။

“နိုင်ငံရေး မတည်မငြိမ်ဖြစ်သွားတော့ ဘဏ်တွေလည်း ပိတ်ထားကြတယ်၊ ဘဏ်တွေ မဖွင့်တော့ အရောင်းအဝယ်လုပ်ဖို့ ငွေလွှဲ ငွေပို့ဖို့က အခက်အခဲဖြစ်တယ်၊ အရောင်းအဝယ်မှာ နှောင့်နှေးမှုရှိတာပေါ့” ဟု ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။

မော်လမြိုင်တွင် ကမ္ဘောဇ၊ ဧရာဝတီ၊ ရိုးမ၊ မြန်မာ့ရှေ့ဆောင်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး၊ သမဝါယမ၊ AGD ဘဏ်၊ CB အစရှိသည့်ဘဏ်ခွဲများ တည်ရှိသည်။

အစိုးရဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်နှင့် တပ်မတော်ပိုင် မြဝတီဘဏ်ကတော့ ပိတ်ထားခြင်းမရှိဘဲ လုံခြုံရေးဖြင့် ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။