မွန်တွင် စားသောက်ကုန် အရောင်းအဝယ် အေး

0
234

တပ်အာဏာသိမ်းပြီး တစ်လကျော်ကြာလာသည့်အချိန်တွင် မွန်ပြည်နယ်အတွင်း စားသောက်ကုန်များ အရောင်းအဝယ်အေးလာသည်ဟု စားသောက်ကုန်ရောင်းဝယ်နေသူတို့၏ ပြောဆိုချက်အရ သိရသည်။

အာဏာသိမ်းလိုက်သည့် အစပိုင်းရက်တို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်သွားသည်အထိ အရောင်းအဝယ်ရှိခဲ့သော်လည်း တစ်လကျော်ကြာလာသည့် ယခုအချိန်တွင် အရောင်းအဝယ် အေးသွားသည်ဟု ကုန်သည်တို့က ပြောသည်။

“လူတွေစိတ်ပူပြီးတော့ ဝယ်လိုက်ကြတဲ့ ဆန်အနေအထားကလည်း သူတို့မှာ အတိုင်းအတာတစ်ခုတော့ အိမ်ထဲရောက်ကြတော့ အခုတွေ့တဲ့အတိုင်းပဲ ဆန်ဆိုင်တွေ အခုကျွန်တော့်ဆိုင်မှာ ဘယ်သူမှ လာမဝယ်ဘူး၊ အရောင်းအဝယ်က ခပ်အေးအေးပဲဖြစ်နေတယ်” ဟု ဆန်ဆိုင်ပိုင်ရှင် ဦးတင်မြင့်ဦးက ပြောသည်။

စားသောက်ကုန်များ အရောင်းအဝယ်အေးလာခြင်းသည် ပြည်သူတို့ လုံလောက်စွာ ဝယ်စုထားကြသည်ဖြစ်နိုင်သလို ငွေကြေးအကြပ်အတည်း ရှိလာသည့်အတွက်ကြောင့်လည်း ဖြစ်နိုင်သည်ဟု ကုန်သည်တို့က ခန့်မှန်းပြောဆိုကြသည်။

လက်ရှိတွင် အရောင်းအဝယ်သည် ကိုဗစ်ကာလက ဖြစ်ခဲ့သည်ထက် ပိုဆိုးနေကြောင်း ကုန်သည်တို့က ပြောသည်။

“ဆိုင်မှာ လာဝယ်တာ မရှိသလောက်ပဲ၊ နယ်တွေဘက်ကိုပဲ ကားနဲ့ နဲနဲပို့နေရတာရှိတယ်၊ အခြေအနေကတော့ ကိုဗစ်ကာလကထက် ပိုဆိုးနေတယ်” ဟု ကြက်သွန်နီကုန်သည်တစ်ဦးက ပြောသည်။

အာဏာသိမ်းလိုက်သည့်နောက် စိုးရိမ်မှုနှင့် ပြည်သူတို့က အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ အစရှိသည်တို့ကို အလုအယက်ဝယ်ယူကြသည့်အတွက် စျေးနှုန်း မြင့်တက်သွားခဲ့သည်။

လက်ရှိတွင် စားသောက်ကုန်များ အရောင်းအဝယ်အေးနေသော်လည်း စျေးကျသွားခြင်းမရှိကြောင်း ကုန်သည်တို့ထံမှ သိရသည်။