ထားဝယ်ဝဲကျွန်းတွင် အဖမ်းခံရသူ လူငယ်များကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်

0
164

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသည့် လူငယ် ၁၀ ဦးကို ရာဇသတ်ကြီးပုဒ်မ-၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း အမှုလိုက်ပါကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

မတ်လ ၁၈ ရက်နေ့လယ်ပိုင်းက ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အဖမ်းခံရခြင်းဖြစ်ပြီး လက်ရှိတွင် ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

၎င်းတို့ကို ဖမ်းဆီးသည့်အချိန်တွင် ဆန္ဒပြပွဲနှင့်ဆက်စပ်သည့်ပစ္စည်းများပါ တွေ့ရှိဖမ်းမိကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။

အဖမ်းခံရသူ ဆယ်ဦးတွင် အသက်မပြည့်သေးသူတစ်ဦးပါဝင်နေသည့်အတွက် ၎င်းကို အာမခံဖြင့် ပြန်လွှတ်ထားသည်ဟု ဆိုသည်။

အသက်ပြည့်သူ ကိုးဦးအား မတ်လ ၁၉ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ရမန်ယူထားပြီး ရမန်ပြည့်သည့်ရက်တွင် တရားစွဲတင်မည်ဟု သိရကြောင်း ဦးအောင်ဇာနည်စိုးက ပြောသည်။

“ရုံးထုတ်ခြင်း မထုတ်ခြင်းကတော့ ကိုဗစ်အခြေအနေအပေါ်မှာပဲ မူတည်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အသက်ပြည့်သူကိုးဦး၏ မိသားစုဝင်များက အမှုလိုက်ရန် အပ်နှံထားပြီး ကလေးသူငယ်အုပ်ထိန်းသူက ဆက်သွယ်လာခြင်းမရှိသေးကြောင်း ဦးအောင်ဇာနည်စိုးက ပြောသည်။

ထိုကြောင့် အဆိုပါ ကိုးဦး၏ အမှုအားလိုက်ပါဆောင်ရွက်ရန် မတ်လ ၂၂ ရက်နေ့ဖြစ်သည့် တနင်္လာနေ့တွင် ရှေ့နေပါဝါယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တပ်ကောင်စီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ- ၅၀၅-က တွင် အချက်သုံးချက်ကို ပြဋ္ဌာန်းထားသည်။

(၁)နိုင်ငံသားတစ်စုကိုဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် သို့မဟုတ် ထိတ်လန့်စေရန် ကြံရွယ်ခြင်း (၂)မမှန်ကန် ကြောင်းကြိုတင်သိရှိပါလျက် မမှန်သတင်းများဖြန့်ဝေမှုပြုလုပ်လျှင် သို့မဟုတ် ဖြန့်ဝေရန်ကြံရွယ်ခြင်း၊ (၃)အစိုးရဝန်ထမ်း တစ်ဦးဦးကိုဖြစ်စေ၊ အစိုးရဝန်ထမ်းတစ်ဖွဲ့ကိုဖြစ်စေ၊ အစိုးရဝန်ထမ်းအများကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်/ ကြံရွယ်/ လှုံ့ဆော်ခြင်းဟု ဖော်ပြထားသည်။

အထက်ပါအချက်များကို ဖောက်ဖျက်သည်ဟု သတ်မှတ်ပါက ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

ဓာတ်ပုံ – အဖမ်းခံရသူများအနက် တစ်ဦးဖြစ်သူ ကိုအောင်ဝေယံကျော်ကို ထားဝယ် ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ်