ဝန်ကြီးချုပ် ဦးမြင့်မောင် အမှုရုံးချိန်း မစစ်ဖြစ်၊ ဧပြီလ ၁ ရက်နေ့ ပြန်ချိန်း

0
291

တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားစွဲခံထားရသည့် ဝန်ကြီးချုပ်ဦးမြင့်မောင်အမှုရုံးချိန်း မစစ်ဆေးဖြစ်ဘဲ ဧပြီလ ၁ ရက်နေ့ကို ပြန်ချိန်းလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေက ပြောသည်။

ဦးမြင့်မောင်အား ပုဒ်မ- ၅၀၅(ခ)ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး မတ်လ ၁၈ ရက်နေ့ ရုံးချိန်းတွင် ရုံးထုတ်နိုင်ခြင်းမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

ယမန်နေ့ အမှုရုံးချိန်းတွင် ကိုဗစ်ကပ်ဘေးကြောင့် ရုံးထုတ်နိုင်ခြင်းမရှိဘဲ အွန်လိုင်းဗီဒီယို စနစ်ဖြင့် ရုံးချိန်းပေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

အဆိုပါ ရုံးချိန်းတွင် မှုခင်းစီမဲခန့်ခွဲမှုအစီအစဉ် (CMP) အတွက် အစည်းအဝေးလုပ်ရန် သတ်မှတ်ထားသော်လည်း ရုံးထုတ်နိုင်ခြင်းမရှိသည့်အတွက် မလုပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှုကို တစ်ဦး တစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြား လူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သော ပုဒ်မဖြစ်သည်။

ကျူးလွန်သည်ဟု သတ်မှတ်ခံရလျှင် ငွေဒဏ် နှစ်သိန်း ဖြစ်စေ၊ ထောင်ဒဏ်အများဆုံး ၂ နှစ် အထိ ဖြစ်စေ ချမှတ်နိုင်သည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ ရုံးချိန်းတွင်လည်း CMP အစည်းအဝေးလုပ်ရန် ချိန်းဆိုခဲ့သော်လည်း ရုံးထုတ်ခြင်းမရှိသည့်အတွက် အစည်းအဝေးမလုပ်ဖြစ်ခဲ့ပေ။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် အမှုဖြစ်သည့်နှစ်ဦးနှစ်ဖက်ကို စစ်ဆေးမည့် ရက်အားကြိုတင်ညှိနှိုင်း ချိန်းဆိုခြင်းဖြစ်ပြီး အမှုများကို အချိန်ကြန့်ကြာခြင်းမရှိဘဲ ဆုံးဖြတ်ချက်အမိန့်ချနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရာလွှတ်တော်ရုံးက ထုတ်ပြန်ထားသည်။

“တစ်ရက်နေ့မှာ ရုံးထုတ်ဖြစ်ရင် CMP အစည်းအဝေးလုပ်မယ်ပေါ့၊ မနေ့ကတော့ ဘာမှ မလုပ်ဖြစ်ဘူး၊ ရုံးချိန်းပြန်ပေးတာပဲ ရှိတယ်”ဟု ဦးအောင်ဇာနည်စိုးက ဆိုသည်။

လက်ရှိတွင် ဦးမြင့်မောင်အား ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးထားပြီး ကျန်းမာရေးအအခြေအနေ ကောင်းမွန်ကြောင်း ၎င်းက ပြောသည်။

တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်စောစောတွင် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့သည်။

ထိုနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅ (ခ) ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။