မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသားတစ်ဦး ထပ်မံသေဆုံး

0
467
မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသားတစ်ဦး ထပ်မံသေဆုံး

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် တွင် အကြမ်းဖက်မှုကြောင့် ဦးခေါင်း ကျည်ထိမှန်သည့် အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦး မတ်လ ၃ ရက် ညပိုင်းက ထပ်မံ သေဆုံး သွားခဲ့သည်။

ဘူမိဗေဒ တတိယနှစ် ကျောင်းသား မောင်ထက်ဝေထူးသည် မတ်လ ၃ ရက် ညနေပိုင်းခန့်က မော်လမြိုင်မြို့ သီရိမြိုင် ရပ်ကွက်အတွင်း အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေကြသည်ကို ထွက်ကြည့်ရာမှ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အချို့ထံမှ သိရသည်။

ဦးခေါင်းတွင် သေနတ်ကျည်ထိမှန် သွားသည့် မောင်ထက်ဝေထူးကို လူမှု ကယ်ဆယ်ရေးကားဖြင့် ငွေမိုး ပုဂ္ဂလိက ဆေးရုံသို့ ပို့ဆောင်ဆေးကုသစဉ် သေဆုံး သွားခြင်းဖြစ်သည်။

“သူက သူ့ဆိုင်ရှေ့မှာ ရပ်ကြည့်နေ တာကို အပစ်ခံရတာပါ။ ဦးခေါင်းကို ပစ်ခံရတာပါ။ ဆန္ဒပြတဲ့အထဲပါသွားလို့ ပစ်ခံထိတာမဟုတ်ပါဘူး” ဟု မိသားစု နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၂၈ ရက်ကလည်း မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်တွင် ဆန္ဒဖော်ထုတ်သူများကို ပစ်ခတ်ဖြိုခွင်းရာ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးသွားခဲ့သည်။

ထိုကြောင့် မော်လမြိုင်မြို့တွင် မတ်လ ၄ ရက် နေ့လယ်ပိုင်းခန့်အထိ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

မော်လမြိုင်တွင် ဆန္ဒဖော်ထုတ် နေသူတို့ကို ကျည်အစစ်၊ ရာဘာကျည်၊ မျက်ရည်ယိုဗုံး စသဖြင့် အသုံးပြုကာ လိုက်လံဖြိုခွင်းနေသည့်အတွက် လူ သေဆုံးမှုရှိလာသည့်အပြင် ထိခိုက် ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူလည်း အများအပြားရှိနေသည်။

အာဏာသိမ်းမှုကို မော်လမြိုင်မြို့နေ ပြည်သူ သိန်းချီတို့က ဆန့်ကျင် ဆန္ဒပြလျက်ရှိသည်။ ပစ်ခတ်ဖြိုခွင်းခံရပြီးနောက်ပိုင်း မတ်လ ၄ ရက်တွင် ဆန္ဒပြသူ လူအင်အား နည်းပါးလာသည်။