ကျေးရွာသပိတ်

0
147
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့ပေါ် ပင်မသပိတ် စစ်ကြောင်းအား ဖေဖော်ဝါရီလကုန်တွင် အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အသွင်ပြောင်းလာကြသည်။

ပင်မသပိတ်ဖြိုခွင်းမခံရမီက ထားဝယ် ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများက ထားဝယ်မြို့ပေါ် ပင်မ သပိတ် စစ်ကြောင်းတွင် လာရောက်ပူး ပေါင်းကြသည်။

ဖေဖော်ဝါရီလ ၂၈ ရက် အကြမ်း ဖက်နှိမ်နင်းပြီးနောက် ခရိုင်အတွင်းရှိ ကျေးရွာများက ထားဝယ်မြို့ပေါ်သို့ မလာတော့ဘဲ ကျေးရွာသပိတ်စစ်ကြောင်း အသွင်ဖြင့် မိမိကျေးရွာအတွင်းတွင်သာ ဆန္ဒပြချီတက်တော့သည်။

လက်ရှိတွင် ခရိုင်အတွင်းရှိ ကျေးရွာ အများစု၌ ကျေးရွာသပိတ်လုပ်နေကြပြီး ထားဝယ်မြို့ပေါ်တွင်မူ ပြောက်ကျားအသွင် သပိတ်စစ်ကြောင်းများသာ အချိန်ပိုင်းချီတက်နေကြသည်။

ပြောက်ကျားစနစ်ဖြင့် ထွက်လေ့ရှိသည့် မြို့ပေါ်သပိတ်စစ်ကြောင်းများကို တားဆီးအရေးယူရန် လုံခြုံရေးတပ်ဖွဲ့ များက ကားဖြင့် လိုက်ရှာလေ့ရှိသည်။

ကျေးရွာများတွင်မူ ထိုသို့ မရှိသည့်အတွက် ကျေးရွာသပိတ်အများအပြား ပေါ်လာခြင်းလည်းဖြစ်သည်။

မြို့ပေါ်သပိတ်စစ်ကြောင်း အကြမ်းဖက်နှိမ်နင်းခဲ့သည့်အတွက် အန္တရာယ် ကင်းသည်ဟု ယူဆသည့်အတွက် နေထိုင်ရာ ရပ်ရွာအတွင်း၌သာ ချီတက်တော့ကြောင်း လောင်းလုံးမြို့နယ်အတွင်းရှိ တီဇစ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦး က ဆိုသည်။

“မြို့ပေါ်လာရင် အန္တရာယ်ရှိတော့ ကိုယ့်နေရာမှာပဲ ပြတော့တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထို့အပြင် မတ်လ ၂ ရက်မှစတင်ကာ မြို့အဝင်တံတားများတွင် လုံခြုံရေး တင်းကျပ်ပြီး စစ်ဆေးမှုများလုပ်လာသည့်အတွက် ထားဝယ်မြို့ပေါ်သို့ မလာတော့ဘဲ နေထိုင်ရာ ရပ်ရွာတွင်ပင် ချီတက်ဆန္ဒပြသည့် ကျေးရွာများလည်း ရှိလာသည်။

လက်ရှိတွင် ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား၌ စစ်ဆေးမှုများ ရှိနေသည့်အတွက် နေထိုင်သည့်ရွာ အတွင်းတွင်သာ ချီတက်ဆန္ဒပြတော့ကြောင်း သရက်ချောင်းမြို့နယ်အတွင်း ရှိ ကနက်သီရိကျေးရွာနေ အမျိုးသမီး တစ်ဦးက ဆိုသည်။

မတ်လ ၅ ရက်နေ့ ဆန္ဒပြသည့် အချိန်တွင် အင်အားငါးရာခန့်ရှိကြောင်း ၎င်းက ပြောသည်။

ယင်းအမျိုးသမီးမှာ မြို့အဝင်တံတားလုံခြုံရေးမတင်းကျပ်မီက ထားဝယ်မြို့နှင့် သရက်ချောင်းမြို့သို့လာရောက် ပြီး ဆန္ဒပြလေ့ရှိသည်ဟု ဆိုသည်။

အချို့သော နေရာများတွင်မူ ကျေးရွာများစုပေါင်းပြီး ဆန္ဒပြချီတက် နေသူများလည်း ရှိသည်။

မြိတ်-ထားဝယ်ကားလမ်းပေါ် တွင်လည်း ဒေသနေ ပြည်သူများက ကျောက်ရပ်ကျေးရွာမှ ရှင်မုတ္ထီးကျေး ရွာအထိ တစ်ရက်ခြား ချီတက်ဆန္ဒပြ လာကြသည်။

ထားဝယ်မြို့ပေါ်တွင် ဆန္ဒပြသူ များအား အကြမ်းဖက်နှိမ်နင်းနေသည့် အတွက် မြို့အပြင်တွင် ဆန္ဒပြရခြင်းဖြစ်ကြောင်း ကူးတို့ကျေးရွာနေ အမျိုးသား တစ်ဦးက ဆိုသည်။

“မြို့မှာက ကျွန်တော်တို့ကို အကြမ်းဖက်နေတာကိုး” ဟု ယင်းအမျိုးသားက ပြောသည်။

လက်ရှိတွင် ကျေးရွာသပိတ်အသွင် ဖြင့် တီဇစ်၊ ဂုံညင်းဆိပ်၊ အညာဖျား၊ စော်ဖျား၊ ကျောက်ထောင့်၊ စုံစင်ဖျား၊ ကနက်သီရိ၊ သာယာကုန်း၊ တောင်ပျောက်တိုက်နယ်၊ စော်ဝ၊ မြို့ဟောင်း၊ ပန်းတင်အင်း၊ ညင်းမော် အစရှိသည့် ကျေးရွာများတွင် အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသည်။

ထို့အပြင် ကလိန်အောင်၊ ကံပေါက် စသည့် မြို့ရွာများတွင်လည်း ဆန္ဒပြနေ သည်ကို တွေ့ရသည်။