ထားဝယ်မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေးမေးမြန်း

0
153
Dawei Watch, Dawei News, Dawei News Media

ထားဝယ်တွင် ဆန္ဒပြသူများကို ဖေဖော်ဝါရီ ၂၈ ရက်က ပစ်ခတ်ဖြိုခွင်း ခဲ့ပြီးသည့် နောက်ပိုင်းတွင် ထားဝယ်မြို့ အဝင်အထွက်ဂိတ်များတွင် ရဲတပ်ဖွဲ့များ က ခရီးသွားလာသူ ကား၊ ဆိုင်ကယ်၊ သုံးဘီးများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လာသည်။

သရက်ချောင်းမြို့နယ်ဘက်သို့ ဆင်းသည့် ပေါက်တိုင်းတံတားတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်သား အချို့က မတ်လ ၂ ရက်မှ စတင်ကာ ခရီးသွားလာများကို ကျပန်း ရွေးချယ်ကာ စစ်ဆေး မေးမြန်းနေသည်ကို တွေ့လာရခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအဝန်း ဆန္ဒပြမှုများဖြစ်ပေါ်နေပြီး မြို့နယ်ဘက်မှ ဆန္ဒပြသူများက ထားဝယ် မြို့တွင်းရှိ သပိတ်စစ်ကြောင်းကြီးတွင် အားဖြည့်ပါဝင် ဆန္ဒပြနိုင်ရန် ပေါက်တိုင်း တံတားမှ တစ်ဆင့် ထားဝယ်မြို့တွင်း ဘက်သို့ ကား၊ ဆိုင်ကယ်တို့ဖြင့် ချီတက် လာသည်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိဖြစ်သည်။

ဆန္ဒပြသူများက နံနက် ၇ နာရီခန့် မှ ၉ နာရီခွဲခန့်အထိ ဆိုင်ကယ်၊ ကား၊ သုံးဘီးတို့ဖြင့် ပေါက်တိုင်းတံတားကို ဖြတ်ကာ ထားဝယ်မြို့တွင်းဘက်သို့ တဖွဲဖွဲ ချီတက်ကြသည်ကို နံနက်တိုင်း တွေ့မြင်နေရသည်။

ပေါက်တိုင်းတံတားအလွန် ထားဝယ်မြို့၊ ကျောက်ရပ် အဝင်အထွက် လမ်း တစ်လျှောက်တွင် ကားများရပ်နားကာ လူများ လမ်းဆင်းလျှောက်ကာ ဆန္ဒပြ၍ မြို့တွင်းဘက်ကို ချီတက်ကြသူများလည်း တွေ့ရသည်။

ဆန္ဒပြပြီး လူစုခွဲအိမ်ပြန်သည့် အချိန် နေ့လယ်အထိ စုန်ချီ ဆန်ချီ ထားဝယ်မြို့တွင်းဘက်နှင့် သရက် ချောင်းဘက်သို့ ခရီးသွားလာသူများဖြင့် မပြတ်စည်ကားနေတတ်သည်။

စစ်အာဏာသိမ်းပြီးသည့်အချိန် မှစ၍ ပေါက်တိုင်းတံတားဂိတ်တွင် စစ်သား သုံးလေးဦးခန့် လုံခြုံရေးယူနေပြီး ဘယ်ရီ ဂိတ်ဖြင့်လည်း လမ်းမတွင် ပိတ်ဆို့ တားဆီးထားသည်။ သွားလာသူများက ဘယ်ရီဂိတ်ကို ကွေ့ရှောင်သွားရပြီး အချို့ကို စစ်ဆေးမေးမြန်းမှုများပြုလုပ် နေသည်ကိုလည်း တွေ့ရသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် နိုင်ငံအဝန်း လူသန်းချီပါဝင်သည့် အထွေထွေသပိတ်ကို ဆင်နွဲခဲ့ကြသည်။

ထိုနေ့က ထားဝယ်တွင် ဆန္ဒပြသူ များကို ရဲနှင့် စစ်သားများက‌ ရော်ဘာ ကျည်အပါအဝင် ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် လူ ၄ ဦးသေဆုံး ခဲ့ပြီး လူ ၆၀ ခန့် ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ယင်းသို့ဖြစ်ပွားပြီးနောက် မတ်လ ၂ ရက်တွင် မြို့အဝင်ဂိတ်များတွင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့်နှင့် စစ်သားသုံး လေးဦးခန့်က ထားဝယ်မြို့တွင်းဘက်သို့ ဝင်ထွက်သွားလာနေသည့် ကားများ၊ ဆိုင်ကယ်များနှင့် သုံးဘီးယာဉ်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လာသည် ကို တွေ့လာရသည်။

ကားများကို အဓိကထားမေးမြန်းနေ သည်ကိုလည်း တွေ့ရပြီး ဆိုင်ကယ် တိုင်း၊ ကားတိုင်း၊ ယာဉ်တိုင်းကို တားဆီး စစ်ဆေးခြင်း မဟုတ်ပေ။

ထိုသို့ စစ်ဆေးမေးမြန်းမှုများကို နေ့လယ်အထိ ပြုလုပ်သည်ကိုတွေ့ရပြီး ညနေပိုင်းဘက်တွင် စစ်ဆေးမေးမြန်းမှု များ ပြုလုပ်သည်ကို မတွေ့ရပေ။

အလားတူ ထားဝယ်မြစ်ကူး ကမြော ကင်းတံတားတွင်လည်း စစ်သားနှင့် ရဲတပ်ဖွဲ့ ပူးပေါင်း၍ တင်းကျပ်စွာ စစ်ဆေးနေသည်ကိုလည်း တွေ့ရသည်။

ယင်းသို့ စစ်ဆေးဆောင်ရွက်ရာတွင် လူကိုထိခိုက်၍ သေစေလောက်သော တုတ်၊ ဓား၊ လေးခွ၊ လက်နက် ပါ/မပါ စစ်ဆေးခြင်းဖြစ်သည်ဟု စစ်ဆေးခံရသော ဒေသခံအချို့က ပြောသည်။

ကား၊ ဆိုင်ကယ်၊ သုံးဘီးတိုင်း အစရှိသဖြင့် ခရီးသွားယာဉ်များ အားလုံးကို စစ်ဆေးမေးမြန်းခြင်းမျိုးမဟုတ်ဘဲ သင်္ကာမကင်းရှိသူများကိုသာ တားဆီး စစ်ဆေးဆောင်ရွက်နေသည်ကို တွေ့ရသည်။

၂၈ ရက်နေ့တွင် ထားဝယ်တွင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူသေဆုံးခြင်းနှင့် မြို့အဝင်ဂိတ်များတွင် ရဲနှင့် စစ်သားများက မေးမြန်းစစ်ဆေးမှုများ ပြုလုပ်လာပြီးသည့်နောက်ပိုင်းတွင် ခရီးသွားလာနေသူများ အနည်းငယ် ကျဲသွားသည်။