နစက အုပ်ကြီးများ ကန့်ကွက်ခံရ

0
152
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကျေး အများစုတွင် တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးအသစ်ကို အလိုမရှိကြောင်း ဗီနိုင်းပြားများ ကပ်ထားခဲ့သည်။

တပ်အာဏာသိမ်းပြီးနောက် ယခင်က ရွေးချယ်တင်မြှောက်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးကို တာဝန်မှရပ်စဲခဲ့သည်။

ထိုသို့ တာဝန်ရပ်စဲပြီးနောက် နစကကောင်စီမှ တိုက်ရိုက်ခန့်အပ်မည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြင့် အစားထိုးရန် ပြင်ဆင်လာခြင်းဖြစ်သည်။

ယခင်က ရပ်ကွက်နေပြည်သူများ ရွေးချယ်မှုဖြင့် ခန့်အပ်ရာမှ လက်ရှိတွင် တစ်ဦးတစ်ယောက်၏ အမိန့်ဖြင့် ခန့်အပ်မည့် အခြေအနေကို လက်မခံနိုင်သည့်အတွက် ရပ်ကွက်နေသူ အများစုပေါင်းကာ ထိုသို့ဗီနိုင်းပြားကပ်ထားရခြင်းဖြစ်ကြောင်း ကြက်စားပြင်ရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးက ဆိုသည်။

“ပြည်သူရွေးခွင့်ရတာနဲ့ မရတာ အခြေနေက မတူဘူးလေ” ဟု ၎င်းက ပြောသည်။
ရပ်ကွက် ကျေးရွာအချို့တွင်မူ အုပ်ချုပ်ရေးမှူး အသစ်ခန့်ခြင်းကို လက်မခံဘဲ ကိုယ်ပိုင်အုပ်ချုပ်သည့်ပုံစံဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆို နေသူများလည်းရှိသည်။

နစက ကောင်စီမှ တိုက်ရိုက်ခန့်မည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြင့် အတင်းအကျပ် အစားထိုးပါက ရပ်ရွာလုံခြုံရေး အပါအဝင် ရပ်ရွာကိစ္စများကို ကျေးရွာ လူထုကပင် တာဝန်ယူသွားမည်ဖြစ်ကြောင်း ကမြောကင်းကျေးရွာနေ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“သူတို့ကိုတောင် မယုံတာ၊ သူတို့ ခန့်တဲ့လူကို ဘယ်ယုံနိုင်စရာရှိမလဲ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထားဝယ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ထိန်သစ်၊ ဒေါင်းငူ၊ ဇရစ်၊ သင်္ဘောဆိပ်၊ တလိုင်းထိန်/တလိုင်းမ စသည့် ရပ်ကွက်ရုံးများတွင် အဆိုပါ ဗီနိုင်းပြားများ ကပ်ထားခဲ့သည်။

ထို့အပြင် လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာအချို့နှင့် အခြား မြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း အထက်ပါ ဗီနိုင်းများ ချိတ်ဆွဲထားကြသည်။