ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ ဘောလုံးကွင်းတွင် ဖေဖော်ဝါရီလ ၂၂ ရက်က ပြုလုပ်သည့် နှစ်ငါးလုံး နွေဦးတော်လှန်ရေး စာတန်းသရုပ်ဖော်ရာတွင် လူထောင်ချီ ပူးပေါင်းပါဝင် ခဲ့ကြသည်။

ကံပေါက်ဒေသအတွင်း လှည့်လည် လမ်းလျှောက် ဆန္ဒထုတ်ဖော်နေသူများ ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ ကံပေါက် ဒေသခံလူငယ်တစ်ဦးက ဆိုသည်။

We Want Democracy (ကျွန်ုပ်တို့ဒီမိုကရေစီကိုလိုချင်တယ်)၊ Reject Military Coup (စစ်အာဏာသိမ်းမှု ငြင်းပယ်ပါ) စသည့်စာလုံးများကို လမ်းပေါ်တွင်ရေးသားနေရာမှ နှစ်ငါးလုံးနေ့တွင် လူဖြင့်ပုံဖော်မည်ဟု စိတ်ကူးရပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“နှစ်ငါးလုံးဆိုတော့ နွေဦးတော်လှန်ရေး အထွေထွေသပိတ်ဖြစ်တဲ့ အတွက်ကြောင့် အထင်ကရအရာ တစ်ခု ကျန်ရစ်အောင်ဆိုပြီး အဲဒီလို ပုံဖော် လိုက်တာ” ဟု အထက်ပါလူငယ်က ဆိုသည်။

လမ်းမပေါ်တွင် စာရေးသားခြင်းကို အခြားမြို့များတွင်လည်း ပြုလုပ်နေကြပြီး လူဖြင့်စာလုံးပုံဖော်ခြင်းမှာ တွေ့ရခဲသည်။