ကိုဗစ်အလှူငွေကို ကာကွယ်ဆေး ဝယ်ရန်အတွက်သာသုံးမည်

0
152
Dawei Watch, Dawei News, Dawei News Media

အာဏာမသိမ်းမီက အလှူခံထားသည့် ကိုဗစ်အလှူငွေများကို ကာကွယ် ဆေးဝယ်ယူရန်အတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း ထားဝယ်ဒေသ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးလူထုအခြေပြု အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။

NLD အစိုးရ၏ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ကာကွယ်ဆေးဝယ်ယူရန် ရန်ပုံငွေတစ်ရပ် ထူထောင်ထားပြီး အလှူရှင်များ ဖိတ်ခေါ်ထားခဲ့သည်။

အလှူရှင်များအနေဖြင့် သတ်မှတ်ထားသည့် ဘဏ်ငွေစာရင်းအမှတ်များသို့ လှူဒါန်းနိုင်ကြောင်းလည်း ယင်းဗဟို ကော်မတီက ထုတ်ပြန်ခဲ့သည်။

ထိုနောက် ကာကွယ်ဆေးဝယ် မည့်အလှူငွေကို ထားဝယ်ဒေသအထောက် အကူပြုအဖွဲ့ထံ လာလှူနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ထုတ်ပြန်ပြီးချိန်မှ အာဏာ မသိမ်းမီအချိန်ထိ အလှူငွေကျပ်သိန်း ၇၉၀ ရရှိထားပြီး လက်ရှိတွင် ဘဏ်နှစ်ခုတွင် ခွဲအပ်ထားကြောင်း အထက်ပါ ကော်မတီက ထုတ်ပြန်ထားသည်။

အထက်ပါ အလှူငွေအား ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးကိစ္စမှအပ အခြားကိစ္စတွင် အသုံးပြုမည်မဟုတ်ကြောင်း အထက်ပါကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဆေးဝယ်ယူခွင့်ရတဲ့အချိန်ဆိုရင် ဆေးဝယ်မယ်ပေါ့နော်၊ ဆေးဝယ်ပြီး ထိုးပေးဖို့ဟာ စီစဉ်ပေးမယ်” ဟု အထက်ပါ အတွင်းရေးမှူးအဖွဲ့ဝင်က ပြောသည်။

ဆေးထိုးရာတွင်လည်း ဦးစားပေးသင့် ထိုးသင့်သူစာရင်းကိုလည်း ဆက်လက်ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းအတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရအဖွဲ့ဝင်အချို့ ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။