ကလေးများကို ကယ်တင်ကြပါ

0
210
ကလေးများကို ကယ်တင်ကြပါ

၁၉၆၄ခုနှစ်ဧပြီလ ၂၀ရက် နေ့မှာ အကျဉ်းသား နယ်လ်ဆင် မင်ဒဲလားဟာ တောင်အာဖရိက တရားရုံးတစ်ခုမှာ ရောက်နေခဲ့ပါတယ်။

နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ အလေးနက်ဆုံးစွဲချက်ကို သူနဲ့ သူ့ရဲဘော်တွေ ရင်ဆိုင်နေကြရတာပါ။ အသားအရောင် ခွဲခြားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေများလွန်းတဲ့ အာဏာရှင်ကို မင်ဒဲလားနဲ့ သူ့ရဲဘော်တွေတိုက်ပွဲဝင်ခဲ့ကြ တာဖြစ်ပါတယ်။

နယ်လ်ဆင် မင်ဒဲလားက သက်သေတွေနဲ့ အပြန်အလှန် ထွက်ဆိုဖို့ အခွင့်အရေးကိုငြင်းဆိုပြီး တစ်ကြိမ်တည်းနဲ့ လျှောက်လဲချက်ပေးဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။

သုံးနာရီကြာတဲ့ သူ့ရဲ့ ခုခံ လျှောက်လဲချက်ရဲ့ အဆုံးမှာ မင်ဒဲလားက အခုလို ပြောခဲ့ပါတယ်။

“အာဖရိကန်ပြည်သူတွေရဲ့ တိုက်ပွဲအတွက် ကျွန်တော့် ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့ပြီးပါပြီ။ လူဖြူ လွှမ်းမိုးရေးကိုလည်း ကျွန်တော်ဆန့်ကျင်ခဲ့ပါတယ်။ လူမည်းလွှမ်း မိုးရေးကိုလည်း ဆန့်ကျင် ခဲ့ပါတယ်။ လူသားတွေအားလုံး တန်းတူညီမျှအခွင့်အရေးတွေနဲ့ ဟန်ချက် ညီညီနေနိုင်တဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့ အစည်းတစ်ခုကို ကျွန်တော် မျှော်လင့် မြတ်နိုးခဲ့ပါတယ်”

နောက်ဆုံးဝါကျကို မပြောခင်မှာ မင်ဒဲလားက တရားသူကြီး ရဲ့ မျက်လုံးကို စေ့စေ့ကြည့်ပါတယ်။ ပြီးတော့ သူက ဆက်ပြောပါတယ်။

“ကျွန်တော်လိုချင်တဲ့ အရာအတွက် လိုအပ်မယ်ဆိုရင် ကျွန်တော်သေဖို့ ပြင်ဆင်ပြီးသားပါ”

တောင်အာဖရိက တရားရုံးထဲမှာ ပေါက်ကွဲခဲ့တဲ့ ဗုံးတစ်လုံးဟာ သမိုင်းမှာ အရေးပါတဲ့ စာမျက်နှာတစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ တရားခွင် ထွက်ဆိုချက်ကို “ကျွန်တော်သေ ဖို့ပြင် ဆင်ပြီးသားမိန့်ခွန်း” လို့ နောင်လာ နောက်သားတွေက လေ့လာကြပါတယ်။ တောင်အာ ဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ် မြို့က ဖွဲ့စည်းပုံအခြေခံဥပဒေရုံး နံရံမှာ “ကျွန်တော်သေဖို့ပြင်ဆင် ပြီးသား” ဆိုတဲ့ စကားကို အခုထိ ရိုက်နှိပ်ဖော်ပြထားပါ တယ်။

လူသားတစ်ယောက်ဟာ အမှန် တရားအတွက်ဘယ်လောက်တောင် ယုံကြည်ချက်ပြင်းပြလဲ ဆိုတဲ့ဆန္ဒရဲ့ ပြယုဂ်တစ်ခုဖြစ်ခဲ့ပါတယ်။

ခေတ်အဆက်ဆက်မှာ လွတ်လပ်မှုအတွက် တိုက်ပွဲဝင် ကြတဲ့ ပြည်သူတွေရဲ့ အကြီးမားဆုံးဆန္ဒက သူတို့ရဲ့ နောက်မျိုး ဆက်တွေကို သူတို့လို မကြုံတွေ့ ရစေ ချင်တာပါပဲ။

တရုတ်နိုင်ငံရဲ့ ဂန္ထဝင်စာရေးဆရာ ကြီးလူရွှန်းက ၁၉၁၈ ခုနှစ်မှာ “အရူး တစ်ယောက်ရဲ့ နေ့စဉ်မှတ်တမ်း” ဆိုတဲ့ ဝတ္ထုတိုတစ် ပုဒ်ကိုရေးခဲ့ပါတယ်။ ယိုယွင်း စုတ်ပြတ်နေတဲ့ တရုတ်လူ့အဖွဲ့အစည်း ကို အရူးတစ်ယောက်ရဲ့ တဲ့တိုးအမြင်ကနေ ရေးသားပုံ ဖော်ထားတာပါ။

လူအချင်းချင်း သတ်ဖြတ် စားသောက်နေတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဝတ္ထုတိုက ဖော်ညွှန်းခဲ့ပါတယ်။

ပျက်စီးသွားတဲ့ လူ့အဖွဲ့အစည်းထဲ မှာ လူသားစားနေကြတဲ့ ဖြစ်ရပ်ကြီးကို လူရွှန်းက ရသမြောက်စွာနဲ့ ရေးပြခဲ့ပါတယ်။ ဝတ္ထုတိုရဲ့ နောက်ဆုံး ဝါကျကတော့ “ကလေးများကို ကယ်တင် ကြပါ” တဲ့။ အနာဂတ်မျိုးဆက် သစ်တွေအတွက် မဖြစ်မနေတိုက် ပွဲဝင်ကြဖို့အတွက် လူရွှန်း ကဆို လိုခဲ့ပါတယ်။

“ကလေးများကို ကယ်တင် ကြပါ” ဆိုတဲ့ လူရွှန်းရဲ့ စကားလုံးဟာ ၂၀ ရာစု ရဲ့ တော်လှန်ရေး ကြွေးကြော်သံဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လမ်းတွေ ပေါ်မှာတော့ မျိုးဆက်သစ်လူငယ်တွေဟာ သူတို့ရဲ့ အနာဂတ်တွေကို ကယ်တင်ဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာ မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူတို့ရှေ့မှာ သူတို့အဘိုးတွေ၊ အဖေတွေ၊ ဦးလေးနဲ့အစ်ကိုတွေလည်း ကြိုးပမ်းခဲ့ကြပြီး ဖြစ်ပါတယ်။

သူတို့ဟာ ပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတာလည်း သူတို့ ကောင်းကောင်းကြီး သိကြပါတယ်။ သူတို့လိုချင်တာကတော့ သူတို့ဟာနောက်ဆုံးအကြိမ်ဖြစ် ဖို့ပါပဲ။ သူတို့နောက်က မျိုးဆက်တွေ ကို သူတို့လို အဖြစ်တွေနဲ့ ရင်မဆိုင် ကြစေချင်တာပါ။

လူငယ်တွေ တောင်းဆိုနေ တာဟာ ငြိမ်းချမ်းပြီး မျှတတဲ့ လူ့အဖွဲ့အစည်း တစ်ခုသာဖြစ်ပါတယ်။ တစ်ဦးကိုတစ်ဦး အနိုင်မကျင့်တဲ့၊ အပြန်အလှန်လေးစား တဲ့ ကမ္ဘာတစ်ခုကို သူတို့ အိပ်မက် မက်ကြတာပါ။ ဒါဟာ သူတို့ အဖေတွေ၊ အဘိုး တွေမက်ခဲ့တဲ့ အိပ်မက်လည်းပဲဖြစ်ပါတယ်။ သူတို့ဟာ ဒီအိပ်မက်နဲ့ ထိုက်တန် ပါတယ်။

သူတို့ရဲ့အိပ်မက်ဟာ ၁၉၆၄ ခုနှစ်တုန်းက တောင်အာဖရိက တရားရုံးတစ်ခု မှာ နယ်လ်ဆင်မင်ဒဲလားမက်ခဲ့တဲ့ အိပ်မက်နဲ့ အတူတူပဲဖြစ်ပါတယ်။

အားလုံးအတွက် မျှတပြီး ငြိမ်းချမ်းတဲ့ အဝန်းအဝိုင်းကသာ နောက်ဆုံးအဖြေ ဖြစ်ပါတယ်။

အခြားအဖြေမရှိပါဘူး။ လူရွှန်းကို ပြန်ကိုးကားပါမယ်။

“ကလေးများကို ကယ်တင် ကြပါ”

ရဲမိုး

(ဆောင်းပါးရှင်ရဲမိုးသည် ရန်ကုန်သတင်းစာပညာ သင်တန်းကျောင်း (YJS) တည်ထောင်သူ သတင်းစာဆရာဖြစ်ပြီး 7Day News ၏ အကြံပေးဖြစ်ပါသည်။)